DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့်ကိစ္စ ကုလသမဂ္ဂညီလာခံတွင် မြန်မာသံအမတ်ကြီးပြောကြား
DVB
·
October 30, 2021
ထန်တလန်မြို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့်ကိစ္စ ကုလသမဂ္ဂညီလာခံတွင် မြန်မာသံအမတ်ကြီးပြောကြား
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်က ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်း အပါအဝင် လူနေ အိမ်ခြေ ၁၀၀ ကျော်ကို  မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာလ ၂၉ ရက် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ  မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြည်သူတွေကို စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးဟာ  အချိန်နဲ့ အမျှ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို  ခံစားနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောပါတယ်။ 

အောက်တိုဘာ ၂၆ ရက်က အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ် မီးရှို့မှုကြောင့်  မီးလောင်ခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ ဒီမနက်ကတော့ မီးငြိမ်းသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

မြို့ပေါ် ရပ်ကွက် ၅ ခုက ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့  အိမ်ခြေ ၁၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

“အခုက အိမ်ခြေ ၁၆၀ ကျော်ပါသွားတယ်။ ကျနော်တို့က အသေးစိတ်ကို ကွင်းမဆင်းနိုင်တော့ အရေအတွက် နည်းနည်းလွဲနိုင်တယ်။ ရပ်ကွက် ၂ ခုက အခု မီးလောင်တဲ့အထဲမပါဘူး။ ရပ်ကွက် ၅ ခုမှာ လောင်တာ" လို့ ဒေသခံတယောက်က ပြောပါတယ်။

ထန်တလန်မြို့ပေါ်မှာ ဘာသာရေးအသင်းကို အခြေခံသတ်မှတ်ထားတဲ့ ရပ်ကွက် ၇ ခုရှိပြီး အခုက ရပ်ကွက် ၅ ခုက ဘုရားကျောင်းနဲ့ အိမ်တွေ မီးလောင်ခဲ့တာပါ။

လက်ရှိ ထန်တလမြို့ အခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတဦးက “အားလုံးပြောင်းသွားပြီးတဲ့နောက် မြို့လယ်ခေါင်မှာ မိသားစုတစုကျန်တယ်။ သူတို့လည်း အခု မီးလောင်တော့ ပြောင်းသွားပြီ။ မိဘမဲ့ဂေဟာအဖွဲ့ပဲ ကျန်တော့တယ်။ ကလေး ၁၄၊ ၅ ယောက်အပါအဝင် သူတို့ရပ်ကွက်က မီးမလောင်ဘူး” လို့ ပြောပါတယ်။

လူဦးရေ တသောင်းကျော်ရှိတဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

မီးရှို့တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် ထန်တလန်မြို့ခံတွေ အားလုံးနီးပါး နယ်စပ်၊ တောထဲနဲ့ တခြားမြို့တွေကို တိမ်းရှောင်နေရတာပါ။  ထန်တလန်မှာ ပြီးခဲ့တဲ့လက မီးလောင်တာနဲ့ဆို အခု အိမ်ခြေ ၂၀၀ လောက် မီးထဲပါသွားပြီ။ နောက်ထပ် မဖြစ်ဖို့ တောင်းဆိုချင်ပါတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း ပြီးခဲ့တဲ့ ၉ လအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံရသူ ၉,၀၀၀ ကျော်နဲ့ သတ်ဖြတ်ခံရသူ ၁,၂၀၀ လောက်ရှိခဲ့သလို မြန်မာပြည် အနောက်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ  လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။ 

စစ်တပ်အနေနဲ့ အင်အားကြီးမားတဲ့ စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်မှာ ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း၊ အင်အား အဆမတန် အသုံးပြုပြီး၊ အဆင်အခြင်မဲ့တိုက်ခိုက်မှုတွေကနေ သွေးထွက်သံယိုမှု၊ ပိုမို စိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေနဲ့ ဖြစ်ရပ်ဆိုးတွေ ဖန်တီးလာဉီးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ  ကာကွယ်နိုင်ဖို့  အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲံ  ပြတ်သားတဲ့၊ အချိန်နဲ့ တပြေးညီ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လွန်စွာအချိန်နှောင်းနေပြီဖြစ်လို့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့လည်း မြန်မာသံအမတ်ကြီးက  မေတ္တာရပ်ခံလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013