Home
မြန်မာသတင်း
KNLA က လာပစ်လျှင် ကျေးရွာများကို ပစ်ခတ်မည်ဟု BGF ခြိမ်းခြောက်
DVB
·
October 29, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စုအတွင်း BGF လှုပ်ရှားတပ်ဖွဲ့ဝင်​တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က လာရောက်ပစ်ခတ်ပါက KNU မိသားစုဝင်တွေ နေထိုင်တဲ့ ကျေးရွာတွေကို  ပြန်လည်ပစ်ခတ်မယ်ဆိုပြီး BGF က  ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် (BGF) တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်းက အောက်တိုဘာလ ၂၇ ရက် မနက် ၁၀ နာရီလောက်က ကေအန်ယူ၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စုတွင်းက ပေပင်ဆိပ်(ဘုရားကုန်း) ကျေးရွာမှာ တကောင်ဘိုး၊ မဲလံနဲ့ နိုးကွားကျေးရွာတွေက ရပ်မိရပ်ဖတွေနဲ့ ရွာသူကြီးတွေကို ခေါ်ယူ​ပြီးခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

တကောင်းဘိုးကျေးရွာသားတစ်ဦးက "ကျေးရွာက လူကြီးတွေကိုခေါ်ပြီး ခြိမ်းခြောက်တာ ဟုတ်တယ်။ လက်နက်မဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ လာ​ခြိမ်းခြောက်နေမယ့်အစား KNLA နဲ့ မျက်နှာချင်းဆိုင်ချလိုက်လေ။ BGF ဆိုတာ စစ်ခွေးနောက်လိုက်ဆိုတော့ ခွေးကျင့်ခွေးကြံပဲ တတ်တယ်။ သတ္တိရှိရင် ရွာတွေ လုပ်ကြည့်လိုက်လေ" လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ တကောင်ဘိုးကျေးရွာအုပ်စုမှာ ၁ လကို ရွာသူကြီး တယောက်နှုန်း ရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်ဖို့ ဗိုလ်တင်ဝင်းက အတင်းအဓမ္မ ခြိမ်းခြောက်ဖိအားပေး ​စေခိုင်းမှုတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

BGF ၁၀၁၄ တပ်ရင်းက ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေနဲ့ ပူးပေါင်းပြီး ခြိမ်းခြောက်တာ၊ အတင်းအဓမ္မခိုင်းစေတာ၊ ပေါ်တာဆွဲပြီး လူသားဒိုင်းအဖြစ် လမ်းပြ ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွှေ၊ ငွေတွေနဲ့ တိရစ္ဆာန်တွေကို ယူဆောင်သတ်ဖြတ်တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန် လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024