DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်မှုကြောင့် ဆရာတော်တပါးအပါအဝင် ကျဆုံးသူပေါင်း ၁၂၁၈ ဦးရှိလာ
DVB
·
October 28, 2021
စစ်တပ်ပစ်သတ်မှုကြောင့် ဆရာတော်တပါးအပါအဝင် ကျဆုံးသူပေါင်း ၁၂၁၈ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၂၁၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၂၈၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၂၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၂၆ ရက်မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေ သခံလူငယ်တယောက်ဖြစ်တဲ့ မောင်ချစ်ရှိုင်းကို ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ မောင် ချစ်ရှိုင်းဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့တာကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသူဖြစ်ပြီး နေအိမ်ကို ခေတ္တပြန်လာချိန်မှာ စစ်အုပ်စုသတင်းပေးက တိုင်ကြားခဲ့ တာကြောင့် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့မှာပဲ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ရင်းရှည် ကျေးရွာဘုန်းကြီးကျောင်းက လက်ထောက်ကျောင်းထိုင်ဆရာတော် ဦးကုသလကို အ ကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဦးကုသလ ဟာ ငါးသိုင်းချောင်းမြို့ပေါ်မှာ ပစ္စည်းသွားဝယ်ပြီးအပြန် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါပြီး အတူလိုက်ပါလာတဲ့ ကိုရင်တပါးဟာလည်း နားရွက်ကို ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013