DVB Logo
Home
မြန်မာသတင်း
စိုင်ပြင်မြို့က ဈေးနှစ်ခုလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ယာယီပိတ်ခိုင်း
DVB
·
October 27, 2021
စိုင်ပြင်မြို့က ဈေးနှစ်ခုလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ယာယီပိတ်ခိုင်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က ကျေးရွာပေါင်း ၂၀၀ လောက် အားထားနေရတဲ့ ပုံမှန်ဈေးနဲ့ ယာယီဈေးနှစ်ခုလုံးကို ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက ပိတ်ခိုင်းလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက စိုင်ပြင်ဈေးဂိတ်ပေါက်မှာ ဈေးကောက်ဝန်ထမ်းတစ်ဦးအား လူလေးယောက်က ဓားနဲ့ ထိုးပြီး သတ်ဖြတ်ခဲ့တာကြောင့် ရက်အကန့်အသတ်မရှိ ဈေးယာယီပိတ်လိုက်တာလို့ ဈေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စိုင်ပြင်မြို့မှာရှိတဲ့ နယ်ထိန်းအဆင့်ရှိသူ တစ်ဦးနဲ့တပ်သားနှစ်ဦးက လာရောက်ပိတ်ခိုင်းခဲ့တာလို့ စိုင်ပြင်ဈေးရောင်းသူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အခုဟာက ဘာမှမပြောဘူး ဈေးတွေပိတ်ရမယ်လို့ပဲ ပြောတယ်။ ဘာကြောင့်ပိတ်ရတယ်လို့တော့ ပြောမသွားဘူးဗျ။ လာအပိတ်ခိုင်းတာက နယ်ထိန်းအဆင့်ရှိသူတစ်ယောက်ပါတယ်။ နောက်တော့ တပ်သားအဆင့် နှစ်ယောက်နဲ့ ပိတ်ခိုင်းသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ရုတ်တရက် ဈေးပိတ်လိုက်တာကြောင့် လက်ရှိအချိန်မှာ ကုန်းစိမ်းသည်တွေအပါအဝင် တခြားဈေးသည်တွေ အပျက်အစီးအဆုံးအရှုံး ရှိနေတယ်လို့ သိရပါတယ်။

“ကုန်ပစ္စည်းက ကုန်စိမ်းဆိုတော့ တစ်ရက်ဆိုတစ်ရက်သိသာတယ်လေ။ တစ်ရက်မရောင်းရရင် တစ်ရက်ပျက်စီးတာ။ အခုလို ရုတ်တရက် ပိတ်ခိုင်းလိုက်တာဆိုတော့ ဘာပြောရမယ်မှန်းမသိတော့ပါဘူးရှင်။ ကျမက ခရမ်းချဉ်သီး၊ အသီး အရွက်နဲ့ ဘုရာပန်းတွေတစ်ပတ်စာ ဝယ်ရောင်းလုပ်နေတာ” လို့ ကုန်စိမ်းဈေးသည်တစ်ဦးကပြောပါတယ်။

စိုင်ပြင်မြို့က ဈေးကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် ဒေသတွင်း ပြည်သူအများအပြား ချက်ပြုတ်ရေး ပစ္စည်းများဝယ်ယူရာမှာ အခက်အခဲနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး လာသမျှလူကို တင်းတင်းကြပ်ကြပ်စစ်ဆေးကာ  ဖမ်းဆီးပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းတာကြောင့် အခြားမြို့နယ်တွေကနေ ဈေးလာဝယ်သူတွေလည်း အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013