DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်း
DVB
·
October 27, 2021
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်း
Donate to DVB

အာမခံကြေး ကျပ်သိန်း ၂၀၀ မပေးသွင်းတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်းတွေကို စစ်ကောင်စီက လိုင်စင်အတွက်အာမခံကြေးငွေ ကျပ်သိန်း ၂၀၀  ဖိအားပေးသွင်းခိုင်းခဲ့တဲ့အတွက်  မဖြစ်မနေသွင်းလိုက်ရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အရေအတွက်က ၂၉၅ ခုရှိပြီး အာမခံကြေး မသွင်းတဲ့ လုပ်ငန်း ၂၆ ခုက လိုင်စင်ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး Myanmar Overseas Employment Agencies Federation (MOEAF) မှ အသင်းဝင်အေဂျင်စီတဦးက “အခုအချိန်က ကျပ်တည်းတဲ့ကာလဆိုတော့ တချို့ကလည်း အဆင်မပြေကြလို့လား မသိပါဘူး။ ဒါကတော့ ဝန်ကြီးဌာနရဲ့ သဘောပေါ့နော်။ နဂိုသွင်းထားတာက လိုင်စင်ကြေးက ကျနော်တို့ သိန်း ၅၀ ရှိတယ်။ အခုဟာနဲ့ဆိုရင် သိန်း ၂၅၀ ဖြစ်သွားတာပေါ့။ ဒါက deposit တင်ထားရတာ။ အဲ့လိုပဲ တကယ်လို့ ထိုင်းနိုင်ငံအတွက် အလုပ်သမားလွှတ်ဖို့ဆိုရင် ထိုင်းလိုင်စင်ကြေးအတွက် သက်သက်ပေးရတယ်။ အဲ့ဒါ ယူမယ်ဆိုရင် နောက်ထပ် သိန်း ၅၀ ပေးရတယ်။ ဆိုတော့ သိန်း ၃၀၀ ဖြစ်သွားပြီ။ ဒါ့အပြင် annual fee ဆိုတာကလည်း ရှိပါတယ်။ ဒါကတော့ နှစ်စဉ်သက်တမ်းတိုးရတယ်။ တနှစ်ကို ၂ သိန်းနဲ့ပေါ့နော်” လို့ ပြောပါတယ်။

အခုလို စီးပွားရေးကျပ်တည်း အလုပ်အကိုင်တွေ အဆင်မပြေတဲ့ စစ်အာဏာသိမ်း ကာလမှာ လိုင်စင်အတွက် အာမခံကြေးထပ်မံသွင်းခိုင်းတဲ့အပေါ် မကျေနပ်မှုတွေကလည်း ရှိနေပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုကတော့ “ကျနော်တို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအတွက် လိုင်စင်ကြေး သိန်း ၅၀နဲ့ ထိုင်းလိုင်စင်အတွက် သိန်း ၅၀ သွင်းပြီး တရားဝင်လိုင်စင်ယူထားတာပါ။ ဘာကြောင့် ထပ်ပြီးတော့ သိန်း၂၀၀ ကို ထပ်သွင်းခိုင်းရတာလဲ။ ငွေသွင်းပြီးတဲ့ အေဂျင်စီတွေကကော အလုပ်လုပ်လို့ရပြီလား။ အခုဖြစ်နေတဲ့ ငဗစ်ကော၊ ငစစ်ကော အကျပ်အတည်းမှာ အတင်းအဓမ္မတောင်းနေတာက ဘာရည်ရွယ်ချက်လဲ” လို့ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ချင်တဲ့ အလုပ်သမားတွေကိုလည်း  လေဆိပ်မှာ ထွက်ခွင့်မပြုဘဲ ပြန်လွှတ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါနဲ့ပတ်သက်ပြီး Myanmar Overseas Employment Agencies Federation (MOEAF) မှ အသင်းဝင်အေဂျင်စီတဦးက “အခုထွက်လို့မရဘူးဆိုတာက တရားမဝင် ထွက်တဲ့ သူတွေပါ။ ပြောရရင် လိုင်စင်ရ အေဂျင်စီ မဟုတ်ဘူးပေါ့။ အပြင်ပွဲစား တွေနဲ့ပေါ့။ ဒါပေမဲ့  အေဂျင်စီမှာလည်း တချို့ ရှိနိုင်တယ်။ ဒါဆိုရင်တော့ သူတို့က တရားမဝင်ဘူးပေါ့။ အဲ့ဒါကို သိရင်တော့ အဲ့ဒီ့အေဂျင်စီလည်း အရေးယူခံရမှာပေါ့။ ဘာလို့လဲဆို သူက ဝန်ကြီးဌာနမှ ခွင့်ပြုမိန့်အတွက် တရားဝင် တင်ကို တင်ရမှာ လေ။ ဝန်ကြီးဌာနက ထွက်ခွင့်ပြုပြီဆိုရင် အဲ့အချိန်မှာ Smart Card သို့မဟုတ် OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား)ပေးလုပ်တယ်လေ။ အဲ့ဒါလုပ် ပြီးသွားရင်တော့ သူက ထွက်ခွာခွင့် ရှိသွားပြီ။ လက်ထဲက Passport ကတော့ Passport for Job (PJ) ဖြစ်ရမယ်ပေါ့နော်။ တကယ်လို့ Passport က Passport for Job (PJ) မဟုတ်ဘူးဆိုရင် မပေးဘူး။ တချို့က PV ဖြစ်နေရင် ပြန်ပြင်ပေါ့။ အဲ့ဒါမျိုး ဖြစ်နေတာ။ အခုက ကိုယ့်ဘာကိုယ် နားလည်မှုနဲ့ ထွက်ကြတာဆိုတော့ အဲ့လိုတွေ ဖြစ်နေတာ” လို့ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာပြီး ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့နေရာမှာ ထိုင်းနဲ့ မလေးရှား နိုင်ငံက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံအတွက် သွားရောက်လုပ်ကိုင်မယ်ဆိုရင် တရားဝင်ကုန်ကျစရိတ်က မြန်မာငွေ ကျပ်တသိန်းခွဲနဲ့ ထိုင်းဘက်က သတ်မှတ်ထားတဲ့ ထိုင်ငွေ ဘတ် ၅၀၀၀ ရှိပြီး မလေးရှားနိုင်ငံအတွက်က အမေရိကန်ဒေါ်လာ ၈၅၀ လောက်ကုန်ကျမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့်  ပြည်တွင်းမှာ စီးပွားရေး ပျက်ကပ်ကြုံတွေ့ နေရပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့်  နယ်စပ်ဒေသတွေကနေ  ထိုင်းနိုင်ငံကို  တရားမဝင် ထွက်ခွာလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း နေ့စဉ် ဖမ်းဆီးခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013