
အမေရိကန်မှာ မွေးဖွားတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာက မိမိတို့တိုင်းပြည်အတွက် ဆိုးရွား တယ်လို့ ဝေဖန်ခဲ့ပြီး လွှတ်တော်ကနေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်း ခဲ့ပါတယ်။
အမေရိကန်တရားရုံးချုပ်က ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးပါတဲ့ မူဝါဒတွေကို ပယ်ချလိုက်အပြီးမှာ ထရမ့်ပ်က လွှတ်တော်ကို အခုလို တိုက်တွန်းခဲ့တာပါ။
ဒေါ်နယ်ထရမ့်ပ်က “တရားရုံးချုပ်က မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို ဆက်ပြီး အတည်ပြုပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံ အတွက် အရမ်းဆိုးပါတယ်။ ဒါပေမဲ့ ကျနော်တို့ လွှတ်တော်မှာ ဥပဒေ ပြဋ္ဌာန်း ပြီး လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးပါတယ်။
အမေရိကန်တရားရုံးချုပ်က နှစ်ပေါင်း ၁၅၀ သက်တမ်းရှိပြီဖြစ်တဲ့ အမေရိကန်မှာ မွေးဖွားသူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတဲ့ အခြေခံဥပဒေကို အဆုံးသတ်ဖို့ ထရမ့်ပ်ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့တာပါ။
အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ် က ၆ ယောက် - ၃ ယောက် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ၁၈၆၈ ခုနှစ်ကတည်းက နိုင်ငံမှာ မွေးဖွားတဲ့သူတိုင်းကို နိုင်ငံသားဖြစ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










