မွန်ပြည်နယ် ရေးမြို့ အစင်စံပြကျေးရွာမှာ စစ်ကောင်စီတပ်တွေက ကြက်ဝိုင်းကို ဝင်ဖမ်းချိန်မှာ ဖမ်းဆီးခံထားရသူ ၈ ဦးဟာ တစ်ဦးကို ၂ သိန်းပေးခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်မှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
“လူ ၈ ယောက် ၁ ယောက်ကို ၂ သိန်းပေးခဲ့ရတယ်။ ဆိုင်ကယ်တွေကတော့ ခုထုတ်လို့ မရသေးဘူး။ ဆိုင်ကယ်က အစီး ၃၀ ပါသွားတာ။ ထုတ်လို့ မရသေးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက်မှာ စစ်ကောင်စီတပ်တွေက လောင်းကစားကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး လူ ၈ ဦးနဲ့ ဆိုင်ကယ်အစီး ၃၀ ပါသွားခဲ့တာလို့ သိရပါတယ်။
ရေးမြို့မှာ လောင်းကစားဝိုင်း တချို့ဟာ မြို့နယ်မှူးနဲ့ ပူးပေါင်းပြီး ဆက်ဖွင့်တာမျိုး တွေရှိပြီး သူတို့နဲ့ မပူးပေါင်းထားတဲ့ လောင်းကစားဝိုင်းတွေသာ ဖမ်းဆီးခံနေရတာလို့ ဒေသခံတွေဆီက သိရပါတယ်။