ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်မှာ အောက်တိုဘာ ၂၂ ရက်ညပိုင်းက စစ်အုပ်စု သတင်းပေးအကြီးစား ဒလန်လို့ လူသိများတဲ့ ရာအိမ်မှူး မောင်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ခိုင်မေတ္တာလမ်းမှာ နေထိုင်တဲ့ မောင်ဦးကို မနေ့ည ၈ နာရီကျော်လောက်မှာ မအူပင် PDF တပ်ဖွဲ့က သေနတ်နဲ့လာပြီး ၃ ချက်ပစ်ခတ်သွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“သူ နေတဲ့ လမ်းထဲမှာ လာပစ်သွားတာ။ အဲဒီလူက ဒလန်အကြီးစား။ သူ့ကြောင့် အဖမ်းခံရတာ ၁၀၀ ကျော်လောက်ရှိမယ်။ တော်တော်များများက သူ့ကြောင့် အဖမ်းခံရတာ။ လာရှင်းပေးတဲ့ ကလေးတွေကိုလည်း ကျေးဇူးတင်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ရာအိမ်မှူးမောင်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်ကာ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ပါတယ်။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုသတင်းပေး ဒလန်လုပ်ကြံတာတွေရှိခဲ့ပေမဲ့ အသက်သေဆုံးအောင် ပစ်ခတ်ရှင်းလင်းတာကတော့ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။