DVB Logo
Home
မြန်မာသတင်း
နာမည်ကျော်အနုပညာရှင်များ ပြန်လွတ်မလာသေးသလို အကျိုးအကြောင်းစုံစမ်းမရဟု ရှေ့နေပြော
DVB
·
October 23, 2021
နာမည်ကျော်အနုပညာရှင်များ ပြန်လွတ်မလာသေးသလို အကျိုးအကြောင်းစုံစမ်းမရဟု ရှေ့နေပြော
Donate to DVB

စစ်ကောင်စီက သီတင်းကျွတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအထဲမှာ ဖမ်းဆီးခံနာမည်ကျော် အနုပညာရှင်တွေ ပါဝင်လာတာ မရှိသေးသလို အကျိုးအကြောင်း အချက်အလက်တွေကိုလည်း စုံစမ်းလို့မရသေးဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီဟာ  အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရပြီးနောက် အကျဉ်းသားတွေနဲ့ ပုဒ်မ ၅၀၅ အမှုနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့က  ကြေညာခဲ့တာပါ။ 

လက်တွေ့မှာတော့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်လောက်ပဲရှိခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းထားပြီး လွတ်လာပြီးမှ ပြန်အဖမ်းခံရသူလည်း  ၁၀၀ ကျော်အထိ ရှိပါတယ်။

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပို တို့အပါအဝင် အနုပညာရှင်တွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာ ပြန်မလွတ်လာသလို အကျိုးအကြောင်းကိုလည်း စုံစမ်းလို့မရသေးဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

ဝါရင့်ရှေ့နေတစ်ဦးက “မလွတ်သေးဘူးဗျ။ အခုဟာက မူလစာရင်းထဲမှာ ပါ မပါ။ အဲဒါကို အတည်ပြုဖို့ကိုပဲ အကျဉ်းထောင်ဘက်ကလည်း မေးလို့မရ။ ရဲကိုမေးတော့လည်း စာရင်းက အကျဉ်းထောင်မှာရှိတယ်ဆိုပြီး ချာလည်လည်နေလို့။ ပြေတီဦးတို့ ဇနီးမောင်နှံ၊ ကိုလူမင်းတို့လည်း မလွတ်သေးပါဘူး။ သတင်းစာဆရာ စည်သူအောင်မြင့်တို့၊ မသူဇာတို့ သူတို့လည်း မပါကြသေးဘူး။ သူတို့က နှစ်ခုပြောတယ်။ တစ်ခုက မူလလွှတ်မယ့်စာရင်း ၄၃၂၀ထဲမှာ မပါတာလားဆိုတာ။ အဲဒါလည်း သူတို့က တိတိကျကျ မပြောကြဘူး။ နောက်တစ်ခုက ၄၃၂၀ ထဲမှာ ပါတဲ့သူတိုင်းလည်း မလွတ်ဘူးတဲ့။ နောက်ထပ်ဆက်ပြီးတော့ တရားစွဲဖို့ အမှုလက်ကျန် ရှိနေတယ်ပေါ့။ အမှုတည်ဆောက်နေဆဲ၊ တရားမစွဲရသေးဘူး၊ သို့သော် တရားစွဲဖို့ အစီအစဉ်ရှိတဲ့သူတွေဆိုရင်လည်း မပါဘူးတဲ့။ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ သတင်းတပ်ဖွဲ့နဲ့ နယ်မြေခံမြို့မရဲစခန်းတွေရဲ့ ကန့်ကွက်ရန်မရှိဘူးဆိုတဲ့ သဘောထားမှတ်ချက်ပေးမှ လွှတ်တာ။ ဒီလူကို လွှတ်ဖို့ ကန့်ကွက်တယ်ဆိုတဲ့ သဘောထားမှတ်ချက်ပေးရင်လည်း မလွှတ်ဘူးလို့ ပြောတယ်။ အခုကတော့ တိကျသေချာတဲ့ အဖြေ ဘာမှမရသေးဘူး။”

အောက်တိုဘာ ၂၂ ရက်နေ့အထိ အင်းစိန်ထောင်ကနေ အကျဉ်းသားတွေကို နည်းနည်းချင်းစီ ပြန်လွှတ်ပေးတာတွေရှိနေပြီး စစ်ကောင်စီရဲ့ဆောင်ရွက်ချက်ဟာ အကျဉ်းဦးစီးမှတ်တမ်းမှာ မရှိတဲ့ဆောင်ရွက်ချက်မျိုးဖြစ်တယ်လို့ ရှေ့နေတစ်ယောက်က ပြောပါတယ်။

အရင်တုန်းက နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီး ၂ရက်အတွင်းမှာ အကျဉ်းသားတွေကို အကုန်လွှတ်ပေးတာဖြစ်ပြီး အခုကတော့ အောက်တိုဘာ ၁၈ ရက်မှ ၂၂ရက်နေ့အထိ ၅ ရက်ကြာတာတောင် လွှတ်ပေးတဲ့လုပ်ငန်းစဉ်မပြီးပြတ်သေးဘူးလို့ ဆိုပါတယ်။

ဝါရင့်ရှေ့နေတစ်ဦးက “အစီအစဉ်တကျ ဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ အာဆီယံ ဆုံးဖြတ်ချက်အပေါ်မှာတုံ့ပြန်မှု တခုခုကို‌ မျှော်လင့်ပြီးတော့ အရေးပေါ် ဆောင်ရွက်လိုက်ရတယ်။ မျှော်မှန်းတဲ့ အာဆီယံရလဒ်က ပေါ်မလာတဲ့အခါမှာ ပြန်ပြီးဖမ်းဆီးတာတို့ လွှတ်မယ်ဆိုတဲ့ စာရင်းထဲကလူတွေကို မလွှတ်ဘူးဆိုတဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်ပေါက်လာတဲ့သဘောလို့မြင်ပါတယ်။ အကျဉ်းဦးစီးမှတ်တမ်းမှာ ဒါမျိုးဖြစ်စဉ်တွေ မရှိဘူး။ တခါတရံ လွတ်ငြိမ်းချမ်းသာဆိုရင် တနိုင်ငံလုံးပေါင်း လေး ငါး ခြောက်သောင်း လွှတ်တာတောင်မှပဲ အမိန့်ထုတ်ပြန်ပြီးရင် ၂ ရက်ဆိုရင် အားလုံးလွှတ်ပြီး ဖြစ်သွားပြီ။ အခုဟာက အဲဒီလိုမဟုတ်ဘဲ မူဝါဒလည်း သေသေချာချာမရှိဘဲ စုံစမ်းလို့လည်း မရဘူး။ ဌာနတွေကလည်း သတင်းတွေကို တိတိကျကျမေးမရဘူးဆိုတော့ လုပ်တဲ့လုပ်ငန်းစဉ်ကတော့ တော်တော်လေး ကမောက်ကမနိုင်တယ်လို့ မြင်ပါတယ်။”

စစ်ကောင်စီက အကျဉ်းထောင်တွေကို တိုက်ရိုက်ထိန်းချုပ်နေတာဖြစ်ပြီး အကျဉ်းထောင်တွေထဲမှာ တရားရုံးတွေဖွင့်ပြီး မတရားဖမ်းဆီးခံရတဲ့ ပြည်သူတွေကို စိတ်ကြိုက်ခြယ်လှယ်စီရင်နေတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေရဲ့ ပြောဆိုချက်တွေအရ စစ်ကြောရေးတွေမှာ ရိုက်နှက်နှိပ်စက်တာ၊ တိုက်ပိတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို စစ်ကောင်စီက ကျူးလွန်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013