DVB Logo
Home
မြန်မာသတင်း
နေရာတင်ပစ်သတ်ခံရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၆ ဦး ရှိလာ
DVB
·
October 23, 2021
နေရာတင်ပစ်သတ်ခံရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၆ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၈၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၁၅၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၃၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၅ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ ညအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိ ကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းခဲ့ပြီး အသက် ၇၀ ကျော်အရွယ် ဦးကြည်သိန်းကို နေအိမ်မှာ ပစ်ခတ်ဖမ်းဆီးသွားခဲ့ ကြောင်း သိရှိရပါတယ်။ ဦးကြည်သိန်းဟာ ခြေထောက်မှာ သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံ ခဲ့ရပြီး သူ့ရဲ့ ရုပ်အလောင်းကို နောက်တနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ လာရောက်ထုတ်ယူဖို့ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တော် လှန်ရေးအင်အားစု(ARA)မှ ကိုသမိုင်းနဲ့ ကိုဗဟိန်းတို့ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ ပြီးနောက် နေရာတင် ပစ်သတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အခြေစိုက် မိုးမေတ္တာနာရေးကူညီမှုအသင်းရဲ့ ဒုဥက္ကဌဖြစ်သူ ကဗျာဆရာ ကိုမျိုးငြိမ်းဇော်၊ သူ့ရဲ့မိတ်ဆွေ ကိုသက်ကြီးနဲ့ ကားမောင်းပေးသူ ကိုဝင်း ဇော်တို့ဟာ အောက်တိုဘာ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။ ကိုမျိုး ငြိမ်းဇော်ဟာ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ နာရေးကို လိုက်ပါပို့ ဆောင်ပြီးအပြန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ် အသိပေး၊ အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013