DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် စစ်အင်အားတိုးချဲ့နေပြီး အင်အား ၇၀၀ ခန့်ရှိလာ၊ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေး
DVB
·
October 21, 2021
ဟားခါးတွင် စစ်အင်အားတိုးချဲ့နေပြီး အင်အား ၇၀၀ ခန့်ရှိလာ၊ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေး
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့ထဲကို အောက်တိုဘာ ၂၀ရက်နေ့က တင့်ကားတွေအပါအဝင် စစ်ကား ၅၀ ကျော်နဲ့ စစ်သားအင်အား ၄၀၀ ကျော်ထပ်တိုးဝင်ရောက်ခဲ့ပြီး မူလရှိတဲ့ အင်အားနဲ့ပေါင်းရင် စစ်ကောင်စီတပ်သား ၇၀၀ နီးပါးရှိလာပါတယ်။ 

ဟားခါးမြို့ပေါ်က ပြည်သူတွေဟာ သေနတ်သံ၊ ဗုံးသံတွေကြားထဲမှာ ထိန့်လန့်မှုတွေခံစားနေရတာကြောင့် အိမ်ခြေ ၂၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပြီး စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေးအရ အနိုင်ကျင့်ဖိနှိပ်နေတယ်လို့ ချင်းနှစ်ချင်းခရစ်ယာဉ်အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဟားခါး CDF တို့ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအတွက် လုံခြုံရေးဇုန်နေရာ သတ်မှတ်ဖို့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကြိုးစားတာတွေရှိနေပြီး စစ်ကောင်စီဘက်က နုတ်အားဖြင့်သဘောတူထားတယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။ စစ်ကောင်စီက ဘုရားကျောင်းတွေကို မီးရှို့တာ၊ ရည်ရွယ်ချက်ရှိရှိ တပ်စွဲတာတွေကတော့ ဘာသာရေး၊ လူမျိုးရေးအရ အနိုင်ကျင့်ဖိနှိပ်တာဖြစ်တယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဒေးနစ်ငွန်ထောင်းမန်က ပြောပါတယ်။

"တကယ်တမ်းကြတော့ ကြိုက်သလိုဖမ်းလိုက် အိမ်ထဲဝင်လိုက် ပစ္စည်းတွေမွှေနှောက်လိုက်။ ဘုရားကျောင်းလည်း မရှောင်ဘူးပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့တာတွေ တပ်စွဲတာတွေ တွေ့တဲ့အခါကြတော့ ကျနော်တို့ဘက်က ပြောသင့်သလောက်ပြောတယ်။ သူတို့ဘက်က လိုက်လျောမှုတော့မရှိဘူး။ ခံစားမှုကတော့ ဘာသာရေးလူမျိုးရေး အနိုင်ကျင့်တဲ့သဘော အထင်သေးတဲ့သဘော ဖိနှပ်တဲ့သဘောလို့ပဲ ခံစားတယ်ပေါ့။ ပြည်သူတွေက အထိတ်တလန့်ဖြစ်နေတယ်။ သေနတ်သံ ဗုံးသံကြားတဲ့အခါ ထွက်ပြေးကြပြီပေါ့။ ဟားခါးမြို့ပေါ်ကနေ အိမ်ခြေ ၁၆၀ ကနေ ၂၀၀ နီးပါးထွက်ပြေးကြတယ်။ မနေ့က မြို့ထဲဝင်လာတာ ၅၁ စီး တင့်ကားလည်းပါတယ်။ အင်အား ၄၀၀ လောက်။ နဂိုရှိတာနဲ့ဆို အင်အား ၆၀၀ ကျော် ၇၀၀ လောက်ရှိမယ်။"

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းနယ်စပ် အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ချင်းပြည်နယ်ကို ဦးတည်ချေမှုန်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းနယ်စပ် ဂန့်ဂေါလမ်းမကြီးပေါ်က စစ်ကောင်စီလမ်းကြောင်းတွေကိုတော့ ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ဖောက်ခွဲတိုက်ခိုက်တာတွေပြုလုပ်နေပြီး အောက်တိုဘာ ၂၀ ရက်နေ့မွန်းလွဲပိုင်းက ပြည်သူ့တော်လှန်ရေးတပ် PRA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်သား ၁၃ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ PRA တပ်ဖွဲ့ တာဝန်ရှိ ဗိုလ်ဂျပန်က ပြောပါတယ်။

"အောက်တိုဘာ ၂၀ ရက်နေ့ ၁နာရီ မိနစ် ၂၀ ဝန်းကျင်မှာဖြစ်တာ။ ကြာချိန်က ၃၅ မိနစ်၊ မိနစ် ၄၀ ဝန်းကျင် ကြာတယ်။ ဂန့်ဂေါလမ်းမကြီးပေါ်မှာ PRA တပ်ရင်း ၂နဲ့ ဖြစ်တာပါ။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာတွေ စိပ်လာတယ်။ ကျနော်တို့က အခြေအနေပေါ်မူတည်ပြီး ခြုံခိုတိုက်ခိုက်ရခြင်းဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး နယ်မြေရှင်းလင်း ထိုးစစ်ဆင်တာတွေ စိပ်လာတယ်။ ကျနော်တို့ ပတ်ဝန်းကျင်ကိုရောက်လာတဲ့ စစ်တပ်ကို ရနိုင်သမျှတိုက်ခိုက်ရခြင်းဖြစ်ပါတယ်။ စစ်ရှောင်တွေကိုပါ ကူညီနေရတာဖြစ်တဲ့အတွက် စားရေးသောက်ရေးပါ ခက်ခဲနေပါတယ်။ ဒါပေမယ့် ပြည်သူကို အသက်ပေးပြီး ကျွန်တော်တို့ တစ်ဖွဲလုံး ကာကွယ်ပေးသွားမှာပါ။ မြို့သိမ်းတိုက်ပွဲတွေ ကျနော်တို့ဘက်က စတင်သွားဖို့ ဆုံးဖြတ်ထားပါတယ်ဗျ။"

စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီက ကုန်လမ်းသာမက ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရေလမ်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ 

မုံရွာမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ PDF တွေက ဖောက်ခွဲတာတွေ ပြောက်ကျားတိုက်ခိုက်တာတွေဆောင်ရွက်နေပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဒေသမှာ မိုးရွာသွန်းပြီး ရာသီဉတုဆိုးရွားနေတာကြောင့် စစ်ကောင်စီဟာ စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

"ချင်းတွင်းမြစ်အနောက်ဘက်မှာတော့ ပြောက်ကျားတွေ ဖောက်ခွဲတိုက်ခိုက်တာတွေရှိတယ်။ ဂန့်ဂေါ-ကလေးလမ်းကြောင်းတစ်လျှောက်မှာ အင်အားတချို့ရှိတယ်။ ရာသီဉတုအခြေအနေအရ စစ်ကောင်စီက ရှေ့တိုးလို့မရ နောက်ဆုတ်လို့မရဖြစ်နေတာရှိတယ်။  မြင်းမူ-မြောင်ဘက်လမ်းကြောင်းမှာတော့ စစ်ကောင်စီက ကားကိုအသုံးမပြုဘဲ ရေလမ်းကြောင်းကနေ တက်လာတာရှိတယ်။ ကနီ၊ ပုလဲ၊ ယင်းမာပင်ဘက်မှာတော့ အေးနေတယ်။ ပုံတောင်ပုံညာတဝိုက်မှာတော့ အေးဆေးတဲ့အယောင်ဖြစ်ပေမယ့် ဂန့်ဂေါရဲ့အနောက်ဘက် ချင်းပြည်နယ်မှာတော့ အလုံးအရင်းနဲ့ သူထိုးစစ်ဆင်နေတယ်။"

အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ဗျူဟာမြောက်ထိုးစစ်ဆင်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေသလို ဒေသခံ PDF တွေကလည်း လက်နက်နဲ့လူအင်အားဖြည့်တင်းပြီး အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

လက်နက်အင်အား၊ လူအင်အားမမျှတတဲ့အခြေအနေဖြစ်ပေမယ့် စိတ်ဓာတ်ရေးရာအားသာချက်နဲ့ နယ်မြေကျွမ်းကျင်မှုကိုအသုံးချပြီး ခုခံတုံ့ပြန်မယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013