DVB Logo
Home
မြန်မာသတင်း
စီးပွားရေးပျက်စီးမှု နိုင်ငံခြားနောက်ခံအဖျက်သမားများကြောင့်ဟု စစ်ကောင်စီဝန်ကြီးပြော၊ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၆ ဘီလီယံရှိဟုဆို
DVB
·
October 20, 2021
စီးပွားရေးပျက်စီးမှု နိုင်ငံခြားနောက်ခံအဖျက်သမားများကြောင့်ဟု စစ်ကောင်စီဝန်ကြီးပြော၊ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၆ ဘီလီယံရှိဟုဆို
Donate to DVB

မြန်မာနိုင်ငံရဲ့စီးပွားရေး ယိုယွင်းပျက်စီးမှုဟာ   နိုင်ငံခြားကျောထောက်နောက်ခံပေးထားတဲ့ အဖျက်သမားတွေကြောင့်ဖြစ်တယ်လို့  စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ရိုက်တာ သတင်းဌာနနဲ့ သီးသန့်မေးမြန်းရာမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

ဘယ်နိုင်ငံတွေက  ကျောထောက်နောက်ခံပေးထားတယ်ဆိုတာကိုတော့ အတိအကျပြောဆိုခြင်းမရှိဘဲ  နိုင်ငံခြားကနေ ဘယ်လို ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ အထောက်အထားတချို့ ရရှိထားတယ်လို့  ဦးအောင်နိုင်ဦးက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေကလည်း ဗဟိုဘဏ်ရဲ့ တရားဝင်နှုန်းအရ ကျပ် ၁၁ ထရီလီယံ နဲ့ညီမျှတဲ့ ဒေါ်လာ ၆ ဒသမ ၀၄ ဘီလီယံရှိပြီး  မြန်မာကျပ်ငွေ တည်ငြိမ်ဖို့နဲ့  ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျပ်အတည်းဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးကို ပံ့ပိုးဖို့ စစ်ကောင်စီက အစွမ်းကုန် ကြိုးစားနေတယ်လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ  ငွေကြေးဖောင်းပွမှုဟာ အရင်က ၁ ဒသမ ၅၁ ရာခိုင်နှုန်းရှိရာက  စစ်တပ်အာဏာသိမ်းပြီးနောက်   ၆ ဒသမ ၅၁ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ မြန်မာ့စီးပွားရေး နှေးကွေးသွားပြီး အဖျက်သမားတွေနဲ့  အာဏာဖီဆန် CDM လှုပ်ရှားမှုတွေကြောင့် ပိုဆိုးသွားကာ တိုင်းပြည်မတည်မငြိမ်ဖြစ်စေခဲ့တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာမီဒီယာတွေက  မြန်မာ့စီးပွားရေးအကျပ်အတည်းကို ချဲ့ကားနေကြပြီး လအနည်းငယ်အကြာမှာ  ပုံမှန်ပြန်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။ 

စစ်ကောင်စီဝန်ကြီးက မြန်မာ့ စီးပွားရေး ပုံမှန်ပြန်ဖြစ်မယ်လို့ ပြောနေပေမဲ့  ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာတော့  “မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုနဲ့ လျင်မြန်စွာ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့တဲ့ မြန်မာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

လက်ရှိရင်ဆိုင်နေရတဲ့ လူ့အသက်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ဆင်းရဲမွဲတေမှုနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ အခြေအနေများစွာနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၁ ဘဏ္ဍာနှစ် မှာ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက် လျော့ကျမယ်လို့  ခန့်မှန်းထားပါတယ်။

၂၀၁၉ ခုနှစ် အဆင့်နဲ့နှိုင်းယှဉ်ရင် ဆင်းရဲနွမ်းပါးတဲ့အခြေအနေကို ကျရောက်မယ့် မြန်မာ့လူဦးရေဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ နှစ်ဆ မြင့်တက်သွားနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် အလုပ်အကိုင်နဲ့ ၀င်ငွေဆုံးရှုံးမှု၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဖူလုံမှု အန္တရာယ်တွေ မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ရောဂါပျံ့နှံ့မှုဒဏ်ခံခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အထိခိုက်လွယ်ဆုံးသူတွေရဲ့ လူမှုဖူလုံရေးစိန်ခေါ်မှုတွေကို ပိုမိုဆိုးဝါးစေတယ်လို့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူးက ပြောထားပါတယ်။ 

Photo-MIFER

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013