
ချင်းစစ်ဘေးရှောင် ပြည်သူတွေအတွက် မယ်စကြဝဠာ မြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထန်တလန်စစ်ဘေးရှောင်ပြည်သူများ အကူအညီပေးရေးကော်မတီက ပြောပါတယ်။
အလှမယ် သူဇာဝင့်လွင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ်စကြဝဠာအလှမယ်အနေနဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာချင်း တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ကာ အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး ဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်ခဲ့ပြီး နေရပ်မပြန်နိုင်ဘဲ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်နဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။
လတ်တလော ဒီလှူဒါန်းမှုကတော့ အလှမယ် သူဇာဝင့်လွင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းမှုဖြစ်တယ်လို့ သိရပါတယ်။