DVB Logo
Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင်၏ရှေ့နေကို စစ်ကောင်စီက တားမြစ်မှု ဥပဒေနှင့်မညီဟု ရှေ့နေအသိုင်းအဝိုင်း ပြော
DVB
·
October 15, 2021
နိုင်ငံခေါင်းဆောင်၏ရှေ့နေကို စစ်ကောင်စီက တားမြစ်မှု  ဥပဒေနှင့်မညီဟု  ရှေ့နေအသိုင်းအဝိုင်း ပြော
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ရှေ့နေအဖွဲ့ဦးဆောင်သူကို စစ်ကောင်စီက သတင်းမီဒီယာတွေနဲ့ဆက်သွယ်ပြောဆိုခွင့်တားမြစ်လိုက်ပြီး  သတင်းထုတ်ပြန်ခွင့်မပြုတာဟာ တရားရုံးဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့ဦးဆောင်သူ ဦးခင်မောင်ဇော်ကို မီဒီယာတွေဆီ သတင်းမထုတ်ပြန်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြီးကန့်သတ်လိုက်တာပါ။

ဒီဆောင်ရွက်ချက်ဟာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစကားတွေကို ပြည်သူတွေနဲ့နိုင်ငံတကာကမသိနိုင်အောင် ဖုံးကွယ်တာဖြစ်တယ်လို့ ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။

တရားခွင်တွေမှာ အမှုရင်ဆိုင်နေရသူတွေဟာ မိသားစုနဲ့ အများပြည်သူသိသင့်တဲ့ အချက်အလက်တွေကို ပြောဆိုခွင့်ရှိပြီး ရှေ့နေတွေကလည်း ကူညီဆောင် ရွက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဝါရင့်ရှေ့နေတစ်ဦးက "ပါးစပ်ကို ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ မြန်မာ့သမိုင်းမှာလည်းမရှိဘူး။ ကမ္ဘာ့သမိုင်းမှာလည်းမရှိဘူး။ အဲ့ဒါတခုတည်းနဲ့တင် ဘယ်လောက်ရှက်ဖို့ကောင်းလဲကွာ။ ဥပဒေနဲ့မညီဘူး။ ဥပဒေနဲ့လုံးဝမညီပါဘူး"လို့ ပြောပါတယ်။ 

စစ်ကောင်စီက သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ပြောစကားတွေကို ရင်မဆိုင်ဝံ့တဲ့အတွက် ရှေ့နေအဖွဲ့ကို တားမြစ်ပိတ်ပင်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက အကျဉ်းထောင်တွေမှာလည်း ရှေ့နေတွေကို စည်းကမ်းတင်းကျပ်တာတွေပိုမိုပြုလုပ်လာပြီး ရှေ့နေတချို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဉပဒေသမားတစ်ယောက်ကပြောပါတယ်။

ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့ကို တားမြစ်တာဟာ ဉပဒေနဲ့ မညီညွတ်သလို စစ်ကောင်စီဖွင့်တဲ့ တရားရုံးတွေဟာလည်း စစ်ကောင်စီလက်ပါးစေ တရားသူကြီးတွေကပဲ ကိုင်တွယ်နေတာဖြစ်တယ်လို့ ဥပဒေသမားတစ်ဦးကလည်းသုံးသပ်ပါတယ်။ 

သမ္မတဦးဝင်းမြင့်ဟာ အောက်တိုဘာ ၁၂ ရက်နေ့ကရုံးချိန်းမှာ စစ်တပ်အာဏာစသိမ်းတဲ့နေ့က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့  တရားခွင်မှာထွက်ဆိုခဲ့ရာမှာ စစ်တပ် အဆင့်မြင့်အရာရှိကြီးတွေက သမ္မတအိမ်တော်ထဲကိုလာပြီး သူ့ကို ကျန်းမာရေး အကြောင်းပြ ဖိအားပေးနုတ်ထွက်ခိုင်းခဲ့တဲ့အကြောင်း၊ သူ့အနေနဲ့ ကျန်းမာရေး ကောင်းမွန်တဲ့ အတွက် နုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး၊ အသေပဲခံလိုက်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ တရားခွင်မှာ ထွက်ဆိုခဲ့တာပါ။  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အပေါ်စွဲဆိုထားတဲ့ အဂတိမှုတွေနဲ့ ပတ်သက်ပြီး မဟုတ်တမ်းတရားတွေစွပ်စွဲတယ်လို့ အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ ရှေ့နေတွေကို ပြောခဲ့ပါတယ်။

ဒီသတင်းစကားတွေဟာ စစ်ကောင်စီရဲ့မတရားပြုမူဆောင်ရွက်တာတွေကို ပေါ်လွင်စေခဲ့တဲ့အတွက် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်ကို သတင်းဌာနတွေ၊ နိုင်ငံခြားအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ မဆက်သွယ် မပြောဆိုဖို့ စစ်ကောင်စီလက်အောက်ခံ နေပြည်တော် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁၄ ရက်စွဲနဲ့ စာထုတ် တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဦးခင်မောင်ဇော်နေထိုင်တဲ့‌ ပျဉ်းမနားကနေရာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လာရောက်ခေါ်ဆောင်ပြီးနောက်  အချက် ၈ ချက်ပါတဲ့ တားမြစ်မိန့်ကို ပြောခဲ့တာဖြစ်ပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တခြား အကျိုးဆောင်ရှေ့နေတချို့ကိုလည်း အလားတူ ကန့်သတ်တားမြစ် ခံထားရတယ်လို့ သိရှိရပါတယ်။

နိုင်ငံခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ အမှုရုံးချိန်းနဲ့ အမှုသွား အမှုလာတွေနဲ့ပတ်သက်ပြီး တရားခွင်ရှိတဲ့ နေ့တိုင်းမှာရှေ့နေတွေက သတင်းမီဒီယာတွေကို ရှင်းပြခဲ့ကြတာဖြစ်ပါတယ်။

အခုလို တရားခွင်အ‌ခြေအနေတွေကိုပြောပြနေတဲ့ ရှေ့နေကို တားမြစ် ကန့်သတ်လိုက်တာကြောင့် နောင်လာမယ့်ရုံးချိန်းတွေမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုသွား အမှုလာအခြေအနေတွေကို မီဒီယာတွေကတဆင့် အများပြည်သူသိရှိနိုင်ဖို့ အခက်အခဲ ရှိသွားနိုင်မှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013