DVB Logo
Home
မြန်မာသတင်း
မီဒီယာသွေးထိုးလှုံဆော်မှုကြောင့် အန်စီအေလမ်းကြောင်းမှ သွေဖည်မသွားရန်၊ စိတ်ကူးယဉ်မဆန်ရန် တိုင်းရင်သားလက်နက်ကိုင်များကို စစ်ခေါင်းဆောင်သတိပေး
DVB
·
October 15, 2021
မီဒီယာသွေးထိုးလှုံဆော်မှုကြောင့် အန်စီအေလမ်းကြောင်းမှ သွေဖည်မသွားရန်၊ စိတ်ကူးယဉ်မဆန်ရန် တိုင်းရင်သားလက်နက်ကိုင်များကို စစ်ခေါင်းဆောင်သတိပေး
Donate to DVB

မီဒီယာတွေရဲ့ သွေးထိုးလှုံဆော်မှုများကြောင့် အန်စီအေ ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွား စေရန် အထူးသတိပြုကြဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  သတိပေးပြောကြားလိုက်ပါတယ်။ 

တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ  လက်ရှိအစိုးရအား ရွေးကောက်ခံအစိုး ရမဟုတ်တဲ့အတွက်  တွေ့ဆုံဆွေးနွေးရန်မလိုဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးအား အပြည့်အဝဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုတဲ့ အယူအဆတွေ အပေါ် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျသုံးသပ်ဖို့ လိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် ဒီကနေ့ကျရောက်တဲ့  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း    (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာပါ။

“နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမထိခိုက်စေရန် သဘောထားကြီးစွာဖြင့် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်လည်း အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံဆော်မှုများကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွား စေရန် အထူးသတိပြုကြစေလိုပါသည်။” လို့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာဖော်ပြပါတယ်။

“အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန် နိုင်သည်၊  ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်းအနာဂတ်လမ်းပျောက်နိုင်သည် ” ဆိုတဲ့ စကားရပ်ကို သတိချပ်စေလိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်နေပေမဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ NLD ပါတီဝင်တွေ ၊ NUG၊ CRPH နဲ့  PDF တွေကြောင့် နိုင်ငံတော်၏ ဒေသအချို့မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အား ထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်းအတာတစ်ခုအထိ အဟန့်အတား ဖြစ်ပေါ်စေတယ်လို့ ဝေဖန်လိုက်ပါတယ်။

အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကတော့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကျဆင်းနေမှုကိုကယ်တင်ဖို့အတွက်  တပ်မတော်အနေနဲ့  ဖယ်ဒရယ်ဒီမိုက ရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာဖို့နဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုမှ နုတ်ထွက်ကြောင်းကြေညာဖို့  ဒီကနေ့ အန်စီအေ ၆ နှစ်ပြည့်အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ NCA -EAOs ကလည်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးနဲ့  ပြည်သူလူထုအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းဖြေရှင်းကြဖို့ အာဏာသိမ်း စစ်တပ်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်လိုက်မှုဆိုင်ရာ အန်စီအေ စာချုပ်ကို  ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကေင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ(ALP)တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၁၈ ခု၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ‌တော့ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013