DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက် SME လုပ်ငန်းများ မရပ်အောင် ရုန်းကန်ကြိုးပမ်းနေရ
DVB
·
October 15, 2021
စစ်ကောင်စီလက်ထက် SME လုပ်ငန်းများ မရပ်အောင် ရုန်းကန်ကြိုးပမ်းနေရ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့အတူ ပြည်တွင်းက အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေ အထူးသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၀ ကျော်ရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ လုပ်ငန်းမရပ်အောင် ရုန်းကန်ကြိုးစားနေရတဲ့အကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားရှိတဲ့ အသေးစားနှင့်အလတ်စား SME လုပ်ငန်းပေါင်း ၅၁၀၀၀  ကျော်ရှိတဲ့အနက် စားသောက်ကုန်လုပ်ငန်းက ၂၉၀၀၀ ကျော်ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၅၆ ရာခိုင်နှုန်းရှိနေပါတယ်။

ဒါကြောင့် စားသောက်ကုန်လုပ်ငန်းက အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေထဲမှာ အများဆုံးရှိတာတွေ့ရပါတယ်။

ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရစဉ် စစ်အာဏာသိမ်းလုပ်ရပ်ကြောင့် ပုံမှန် လည်ပတ်နေတဲ့ စီးပွားရေးစနစ်ယန္တရားကြီးတခုလုံးက ပျက်စီးခဲ့ရပြီး အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေလည်း ယိုင်နဲ့ခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ စားသောက်ကုန်လုပ်ငန်းတွေဟာလည်း တခြားလုပ်ငန်းတွေနည်းတူ လုပ်ငန်းမရပ်အောင် ရုန်းကန်ကြိုးစားနေရပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သတ်ပြီး စားသောက်ကုန်လုပ်ငန်းရှင်တဦးက “ကျနော်ထင်တာတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တဖြည်းဖြည်းနဲ့မြင့်လာမယ်။ အဲ့ဒီ့အခါမှာ ကျနော်တို့က စျေးတက်ရတယ်ဗျာ။ ဆိုတော့ အချိန်တခု ရောက်ရင်တော့ ဒါတွေက ရပ်ဆိုင်းသွားမယ်လို့ ကျနော်တော့ မြင်တယ်ဗျာ။ ဘာလို့လဲဆို ထုတ်လုပ်မှု စရိတ်များလို့ရှိရင် ကျနော်တို့က စျေးတက်ရမှာလေ။ စျေးတက်တော့ ဝယ်မစားနိုင်ကြတော့ဘူး။ အဲ့လို ဝယ်မစားနိုင်ကြတော့ဘူး ဆိုရင် ကျနော်တို့လုပ်ငန်းတွေ ရပ်ဆိုင်းသွားလိမ့်မယ်။ ကျနော်တို့လုပ်ငန်းက customer အပေါ်မှာဘဲ အဓိကမူတည် နေရတာလေ။ အရင်တုန်းကလိုမျိုး ပစ္စည်းတခုကိုဝယ်၊ နည်းနည်းလေး ပြုပြင်ပြောင်းလဲပြီး ရောင်းတဲ့လုပ်ငန်းတွေ အကုန်လုံးက ပြုတ်မှာပဲဗျ။ ဘာလို့လဲဆို ဝယ်တာကိုက ဒီနေ့ဝယ်တာ တထောင်ပါတော့။ နောက်နေ့ဝယ် ၁၂၀၀ ဗျာ။ ဆိုတော့ အမြတ်က ထွက်မလာပဲနဲ့ ငွေက တဖြည်းဖြည်း ကျုံ့ကျုံ့လာပြီး ပစ္စည်းတွေ မဝယ်နိုင်တော့ဘူး။ တခါရှိတဲ့ဟာလဲ မရောင်းရဲဘူး ဖြစ်နေတယ်။ ရောင်းလိုက်ရင်လည်း  နောက်နေ့ မဝယ်နိုင်တော့ဘူးလေ။ ဒီတော့ စဉ်းစားကြည့်ဗျာ။ မရောင်းရဲဘူး၊ နောက်နေ့ မဝယ်နိုင်ဘူး။ ဆိုတော့ ဒီကြားထဲမှာ သူဘယ်လိုလုပ်မလဲ။ အဲ့ဒီ့ ရတဲ့ငွေလေးကို သူသုံးမှာပဲ။ သုံးရင်းနဲ့ ဒီဆိုင် ဒါမှမဟုတ် ဒီလုပ်ငန်းက ပြုတ်သွားမှာပဲ” လို့ပြောပါတယ်။

အလားတူအခြားစားသောက်ကုန်လုပ်ငန်းရှင်တဦးကလည်း “လုပ်ငန်းအခက်အခဲက ဘာရှိလဲဆိုရင် အရင်ကထက် အရောင်းအဝယ်ကတော့ ကျသွားတယ်။ ဒါကလည်း လူတွေရဲ့ သုံးစွဲနိုင်မှုပါဝါကလည်း ကျသွားတာလေ။ ဒါပေမဲ့ ကုန်စည်စီးဆင်းမှုမှာတော့ စရိတ်တွေက တက်လာတယ်။ ကျနော်တို့ဆီက ထုတ်ကုန်တွေထဲမှာ တချို့က နိုင်ငံခြားကနေ သွင်းရတာတွေ ရှိတယ်လေ။ အဲ့သွင်းကုန်တွေက စျေးတွေတက်လာတယ်။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ပြောရရင်တော့ ဘဏ်တွေက အရင်ကတည်းက ဘဏ္ဍာရေးအထောက်အပံ့မပေးဘူးဗျ။ ပြီးတော့ ကျနော်တို့ SME two step Loan ဆိုတာကလဲ Loan ပဲ။ ကျနော့်မှာ အပေါင်ပစ္စည်းရှိမှ သူက ငွေချေးပေးတာလေ။ အဲ့တော့ ဘဏ္ဍာရေးအထောက် အပံ့နဲ့ပတ်သတ်ပြီး အရင်ကတည်းက မရတာဖြစ်လို့ အခုအခြေအနေမှာလဲ ရဖို့ ကျနော်တို့က မမျှော်လင့်ပါဘူး” လို့ဆိုပါတယ်။

The Organisation for Economic Co-operation and Development (OECD)က မြန်မာနိုင်ငံအတွက် ၂၀၂ဝ ပြည့်နှစ် ရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာသုံးသပ်ချက်အစီရင်ခံစာအရ အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေဟာ စီးပွားရေး လုပ်ငန်းအားလုံးရဲ့  ၉၉ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံမှာအလုပ်အကိုင်ပေါင်း ၇၀ ရာခိုင်နှုန်းကို ဖန်တီးပေးနိုင်တာကြောင့် အရေးပါတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013