DVB Logo
Home
မြန်မာသတင်း
တရုတ်ယွမ်နှင့် ဂျပန်ယန်းကို တရားဝင်ရောင်းဝယ်ခွင့်ပြုလိုက်သော်လည်း ဈေးကွက်ပေါ် သက်ရောက်မှုမရှိ
DVB
·
October 14, 2021
တရုတ်ယွမ်နှင့် ဂျပန်ယန်းကို တရားဝင်ရောင်းဝယ်ခွင့်ပြုလိုက်သော်လည်း ဈေးကွက်ပေါ် သက်ရောက်မှုမရှိ
Donate to DVB

ဗဟိုဘဏ်က တရုတ်ယွမ်နဲ့ ဂျပန်ယန်း နိုင်ငံခြားငွေကြေးတွေကို တရားဝင် ရောင်းဝယ်ခွင့်ပြုလိုက်ပေမယ့် ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်အပေါ် လက်ရှိမှာတော့ သက်ရောက်မှုက မရှိသေးတဲ့အကြောင်း နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရရှိ ထားတဲ့သူတွေက ပြောပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရဘဏ်တွေနဲ့ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို မူလဝယ်ယူရောင်းချခွင့်ပြုထားတဲ့ နိုင်ငံခြားငွေကြေး ၅ မျိုးနဲ့အတူ တရုတ်ယွမ်နဲ့ ဂျပန်ယန်း နိုင်ငံခြားငွေကြေးကိုလည်း ဝယ်ယူရောင်းချ ခွင့်ပြုတဲ့အကြောင်း ဗဟိုဘဏ်က  အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားသူ လုပ်ငန်းရှင်က “နိုင်ငံခြားသားခရီးသွားတွေ၏ ပြန်ဖွင့်တဲ့အချိန်မှာတော့ အဆင်ပြေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်က ဂျပန်ကလာတဲ့ နိုင်ငံခြားသားခရီးသွားတွေမှာ သူတို့ဆီမှာ ဒေါ်လာကလည်း သိပ်မပါကြဘူးလေ။ များသောအားဖြင့် ဂျပန်ယန်းငွေပဲ ပါကြတာ။ ဒီဘက်မှာလည်း ငွေလှဲကောင်တာတွေမှာ ဂျပန်ယန်းကို တရားဝင်လဲလှယ်လို့က မရပြန်ဘူး။ ဒါမျိုး အားနည်းချက်တော့ အရင်က ရှိခဲ့တယ်။ ပြီးတော့ မြန်မာပြည်ကိုလာတဲ့ နိုင်ငံခြားသားခရီးသွားတွေထဲမှာ တရုတ်က ပိုများတာပါ။ သူတို့ဆိုလည်း  တရုတ်ယွမ် ငွေပဲ ပါကြတာလေ။ ဒါကြောင့် လောလောဆယ်မှာတော့ ဘာမျှပြောင်းလဲမှု မရှိနိုင်ပါဘူး။ ဒါက နိုင်ငံခြားသားခရီးသွားတွေ ပြန်ဝင်လာမှာ အလုပ်ဖြစ်မှာပါ” လို့ပြောပါတယ်။

နိုင်ငံခြားငွေလှဲလှယ်ခွင့်လုပ်ငန်းတရားဝင်လုပ်ကိုင်နေသူကတော့ “ကောင်းပါတယ်ဗျ။ ဘာလို့လဲဆို အရင်တုန်းက တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို ကျနော်တို့က သုံးခွင့်မပေးတဲ့အတွက်ကြောင့် အထူးသဖြင့် တရုတ်နဲ့ ဂျပန်က လာတဲ့သူ တွေဆိုရင် အဆင်အပြေဘူးပေါ့နော်။ လိုတဲ့အခါ ဘယ်က လိုက်ရှာရမှန်း မသိဘူးလေ။ ဒီတော့ မှောင်ခိုစျေးကွက်ကနေ လိုက်ရှာပြီး လဲရတယ်။ အခုတော့ ငွေလဲကောင်တာတွေမှာ ရောင်းဝယ်ခွင့်ပေးလိုက်တဲ့အတွက် ကျနော်တို့ကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ လောလောဆယ်တော့ နိုင်ငံခြားသားခရီးသွားတွေ အဝင်အထွက်မ ရှိသေးတာကြောင့် သက်ရောက်မှုက မရှိသေးတာပါ။ ဒါကလည်း အခုချိန်က ကိုဗစ်ကာလကြောင့် နိုင်ငံတကာလေကြောင်း လိုင်းတွေကို ပိတ်ထားလို့ပါ” လို့ဆိုပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း ကုန်သွယ်ရေးမှာတော့  “အရင်ကတည်းက ဒီငွေတွေက လွှဲလို့ရပါတယ်။ ဒါပေမဲ့ ငွေစာရင်း(account)တော့ ပေးမဖွင့်ဘူးပေါ့နော်။ ဒါကြောင့် ကုန်သွယ်ရေးအတွက်သုံးမယ်ဆိုရင် တရုတ်ယွမ်နဲ့ ဂျပန်ယန်း ငွေကြေးအတွက် ကုမ္ပဏီပိုင်ငွေစာရင်း(account) တွေ ပေးဖွင့်ဖို့တော့ လိုပါတယ်။ လွှဲတာကတော့ အရင်ကတည်းက လွှဲနေကြတာလေ။ ဘယ်လိုလွှဲလဲဆိုတော့ ဥပမာ ဂျပန်ယန်းကို လွှဲချင်တယ်ဆိုရင် မြန်မာငွေကနေ ဒေါ်လာကိုပြောင်း။ ဒေါ်လာကနေ ဂျပန်ယန်းကို ပြန်ပြောင်း တဆင့်ခံပြီးတော့ပေါ့နော် လွှဲကြတာလေ။ ဒါကြောင့် ကုန်သွယ်ရေးအတွက်ပါ စဉ်းစားမယ်ဆိုရင်တော့ ဒီငွေကြေးအတွက် ငွေစာရင်း(account)တွေ တရားဝင်ပေးဖွင့်ဖို့တော့ လိုပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့ တိုက်ရိုက်ပေးချေလို့ရတာကြောင့် ပိုအဆင်ပြေတာပေါ့” လို့ပြောပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးနဲ့ပတ်သတ်ပြီး ခွင့်ပြုထားတဲ့ ငွေကြေးအမျိုးအစားတွေက အမေရိကန်ဒေါ်လာ၊ စင်္ကာပူ ဒေါ်လာ၊ ဥရောပယူရို၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ်၊ တရုတ်ယွမ် နဲ့ ဂျပန်ယန်း ငွေတို့ပဲဖြစ်ပါတယ်။

ငွေလဲကောင်တာတွေ မှာ ဒီကနေ့ အရောင်းအဝယ်ဖြစ်တဲ့စျေးနှုန်းတွေက အမေရိကန် ၁ဒေါ်လာ ဝယ်စျေး ၂၀၈ဝကျပ်နဲ့ ရောင်းစျေး ၂၁၅ဝကျပ်၊ စင်္ကာပူ ၁ ဒေါ်လာ ဝယ်စျေး ၁၃၅ဝကျပ် နဲ့ ရောင်းစျေး ၁၄၅ဝကျပ်ရှိပါတယ်။

ဥရောပ ၁ယူရို ဝယ်စျေး ၂၁၅၀ ကျပ်နဲ့ ရောင်းစျေး ၂၂၅ဝကျပ်၊ မလေးရှား ၁ရင်းဂစ် ဝယ်စျေး ၄၀၀ ကျပ်နဲ့ ရောင်းစျေး ၄၄ဝကျပ်၊ ထိုင်း ၁ ဘတ် ဝယ်စျေး ၅၆ကျပ်နဲ့ ရောင်းစျေး ၆ဝကျပ်၊ တရုတ် ၁ယွမ် ဝယ်စျေး ၂၇၅ကျပ်နဲ့ ရောင်းစျေး ၃၀၅ကျပ်၊ ဂျပန် ၁ယန်း ဝယ်စျေး ၁၅ကျပ် နဲ့ ရောင်းစျေး ၁၇ ဒသမ ၅ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013