DVB Logo
Home
မြန်မာသတင်း
ဝမ်းလျားမှောက်ပစ်သတ်ခံရသည့် အပြစ်မဲ့ရွာသား ၃ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၁၅၈ ဦးရှိလာ
DVB
·
October 5, 2021
ဝမ်းလျားမှောက်ပစ်သတ်ခံရသည့် အပြစ်မဲ့ရွာသား ၃ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၁၅၈ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၅၈ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၇၄၃ ယောက်ဖမ်းဆီးခံခဲ့ရကာ ၇၀၇၉ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၃၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၄ ရက်မနက် ၉ နာရီဝန်း ကျင်က လက်ဖက်ရည်ဆိုင်တဆိုင်ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းခဲ့ကြပြီး လူငယ်တချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသား ကိုသုတအောင်ဟာ ဦးခေါင်းကျည်ထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့ ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတယောက်နဲ့ လူ ငယ် ၅ ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အောက်တိုဘာ ၃ ရက်ညပိုင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစု ကျေးရွာက ဒေသခံ ကိုအောင်ဖြိုး၊ ကိုအောင်မြင့်စိုးနဲ့ ဦးစိန်ပိုတို့ကို အကြမ်းဖက် စစ်အုပ်စု တပ်သားတွေက ဝမ်းလျားမှောက်ခိုင်းကာ ဦးခေါင်းတွေကို ချိန်ရွယ် ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ 

အရင်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုတပ်က ပျဉ်ထောင်ကျေးရွာ မှာ တပ်စွဲထားတဲ့အတွက် ရွှေကူတဲစုကျေးရွာအပါအဝင် အနီးနားကျေးရွာတွေက ဒေသ ခံတွေ တိမ်းရှောင်နေကြရပြီး အဆိုပါရွာသား ၃ ယောက်ကတော့ စစ်သားတွေပြန်လည် ထွက်ခွာပြီအထင်နဲ့ နွားစာကျွေးဖို့ နေအိမ်ပြန်လာကြရာမှ ပစ်သတ်ခံခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013