DVB Logo
Home
နိုင်ငံရေး
ဆော့ခရတ္တိရဲ့ ဥပဒေရေးရာအယူအဆနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွဲ
DVB
·
September 26, 2021
ဆော့ခရတ္တိရဲ့ ဥပဒေရေးရာအယူအဆနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွဲ
1 / 2
Donate to DVB

၂၀၁၀ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့အခါတုန်းက နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းချုပ်တဲ့အခါမှာ သုံးတဲ့ 1975 State Protection Law ကို သုံးခဲ့ပေမဲ့ အဲဒီအမှုကို တရားခွင်မှာ ရင်ဆိုင်ခဲ့ရတာ မရှိခဲ့ပါဘူး။  ယက်တောအမှုကျမှ အင်းစိန်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှုရင်ဆိုင်ခဲ့ရတာပါ။

လက်ရှိမှာတော့ ပြစ်ဒဏ်တွေအားလုံးပေါင်းလိုက်ရင် စုစုပေါင်း အနှစ် ၈၀ ကျော် ကျခံနိုင်လောက်တဲ့ အမှုပေါင်း ၁၀ မှု စာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ရင်ဆိုင်နေရပါပြီ။ အဲဒီ ၁၀မှုမှာ  တမှုက Reuters သတင်းထောက် နှစ်ယောက်တုန်းက စွဲချက်တင်ခဲ့တဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။ ၀လုံးတို့ ကျော်စိုးဦးတို့တုန်းက မတရားဖမ်းဆီးခံခဲ့ရသလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ပြန်ခံရတဲ့ အလှည့်ရောက်ပြီလို့ တချို့က မြင်ကြပါတယ်။ 

ဒါပေမဲ့ ဒီအမှုနှစ်ခုစလုံးရဲ့နောက်ကွယ်က တရားလိုကတော့ အင်စတီကျူးရှင်းတခုတည်းအောက်က လာတာကို မြင်တဲ့သူတွေက မြင်ကြပြီးသား ဖြစ်ပါလိမ့်မယ်။ လက်ရှိအချိန်မှာ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ ထောင်ချီတဲ့အမှုတွေကို ကြည့်လိုက်ရင်လည်း တရားလိုတွေက များသောအားဖြင့် လုံခြုံရေးတပ်ဖွဲ့က အရာရှိတွေ (သို့မဟုတ်) ထွေအုပ်ဝန်ထမ်းတွေပဲ ဆိုတာတွေ့ရပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွဲတွေရဲ့ တရားလိုတွေက အရပ်သား နှစ်ယောက်ကလွဲလို့ ကျန်တာလုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွဲတွေရဲ့ တရားလိုတချို့ကို ကြည့်လိုက်ရင် (Superintendent Kyi Linn of Special Branch, Dekkhina District Administrator (S: 8 and 67), Superintendent Myint Naing (S: 25), U Soe Soe Shwe (S: 505 –b), Superintendent Aung Myo Lwin (S: 31-c), U Nyi Nyi (aka) U Tun Myint Aung) လို့တွေ့ရပါတယ်။* 

အဲဒီလိုပါပဲ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လက်ရှိဖမ်းဆီးခံထားရတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ သတင်းသမားတွေ၊ အရပ်သားတွေကို တရားလိုပြုလုပ် တိုင်ကြားသူတွေကို ကြည့်လိုက်ရင် များသောအားဖြင့် အင်စတီကျူးရှင်း တခုတည်းက လာတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒီအမှုတွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ကိုထောက်ခံတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ထင်ရှားကျော်ကြားသူတွေကို အင်စတီကျူးရှင်းတခုက လူတွေက ဦးဆောင်ပြီး တရားစွဲဆိုတဲ့ အမှုတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဆရာကြီးမောင်စူးစမ်းက တပ်မတော်စပွန်ဆာပြု ရေးဆွဲပြဋ္ဌာန်းတဲ့ အခြေခံဥပဒေအောက်မှာ တပ်မတော်စပွန်ဆာဒီမိုကရေစီကို မဖြစ်မနေ ဖြတ်သန်းရမှာပဲလို့ ရေးခဲ့ဖူးပါတယ်။ Reuters သတင်းထောက် နှစ်ယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံတော်သမ္မတပဲဖြစ်ဖြစ်၊ နိုင်ငံ့အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ် ဒီအခြေခံဥပဒေအောက်မှာ အဆိုးဆုံး မျှော်လင့်နိုင်တာက အင်စတီကျူးရှင်းတခုက စပွန်ဆာလုပ်လိုက်တဲ့ တရားလိုတွေရဲ့ (“တရားဥပဒေနဲ့အညီ” ဆိုတဲ့ စကားရပ်ကို လက်ကိုင်ထားပြီး စွဲဆိုတဲ့) တရားစွဲဆိုမှုကို အချိန်မရွေး ခံရနိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ 

တနေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ Podcast စကားဝိုင်းတခုမှာ မေးခွန်းတခု မေးခံခဲ့ရပါတယ်။ တချိန်ချိန်မှာ ဒီလိုတွေဖြစ်လာနိုင်မှန်း သိသိကြီးနဲ့ စွန့်စားပြီး ဒီအခင်းအကျင်းထဲကို ဝင်ပြီး ရွေးကောက်ခံခဲ့တဲ့ NLD အစိုးရရဲ့လုပ်ရပ်ကို တာဝန်မကင်းဘူးလို့ ယူဆလို့ရမလားတဲ့။ တကယ်တော့ ဒီကြိုတင်တွက်ဆထားပြီးသား calculated risk ကို ယူခဲ့ကြတဲ့ထဲမှာ NLD လို နိုင်ငံရေးပါတီတွေတင်မကဘူး၊ နိုင်ငံရေးပရောဟိတ်တွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ (UN, US, EU အပါအဝင်)၊ CSO တွေအပြင်၊ မဲဆန္ဒရှင်ပြည်သူတွေကိုယ်တိုင်လည်း ပါဝင်ပါတယ်။ 

န၀တအစိုးရလက်ထက် အကျဉ်းထောင်တွေထဲမှာ လူသားအခွင့်အရေးတွေဆုံးရှုံးခဲ့ရတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီနဲ့ တခြားအတိုက်အခံပါတီတွေက လူကြီး လူငယ်တွေ၊ နိုင်ငံရေးသမားတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအကူးအပြောင်း ငြင်သာချောမွေ့ရေးကိုသာ ဦးစားပေးခဲ့ကြပြီး သူတို့မတရားဖမ်းဆီးချုပ်နှောင်ခံရတာတွေအတွက် တရားမျှတမှုကို မတောင်းဆိုခဲ့ကြဘဲ သင်ပုန်းချေခဲ့ကြပါတယ်။ အခုတော့ သူတို့ရဲ့ သဘောထားကြီးမှုတွေ သင်ပုန်းချေခဲ့မှုတွေဟာ သဲထဲရေသွန်ဖြစ်ရတဲ့အပြင် သူတို့လည်ပင်းကို သူတို့ ကြိုးကွင်းစွပ်သလိုတောင်ဖြစ်နေပြီလားလို့ တွေးမိပါတယ်။

တကယ့်တကယ်က တည်ငြိမ်ချောမွေ့တဲ့ နိုင်ငံရေးအပြောင်းအလဲကို လိုချင်တဲ့သူ မြင်ချင်တဲ့သူတွေ မျှော်လင့်မိတဲ့သူတွေမှာတာဝန်ရှိတာမဟုတ်ပါဘူး။ တည်ငြိမ်ချောမွေ့တဲ့ နိုင်ငံရေးအပြောင်းအလဲကို ဆက်မမြင်လိုတော့လို့  ဖျက်ဆီးပစ်လိုက်တဲ့သူတွေမှာသာ တာဝန်အရှိဆုံးပါပဲ။

နောက်ထပ်တာဝန်ရှိသူတွေကတော့ အရပ်သားအစိုးရကို နိုင်ငံတကာဒီမိုကရေစီစံနှုန်းတွေနဲ့တိုင်းတာပြီး ထိန်းကျောင်းဖို့ကိုသာ အာရုံစိုက်ပြီး၊ ပြည်တွင်းဖြစ် စည်းကမ်းပြည့်၀သော ဒီမိုကရေစီကို စပွန်ဆာလုပ်ထားတဲ့ အဖွဲ့အစည်းကို ထိန်းကျောင်းဖို့ သတိလက်လွတ်ဖြစ်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသုခမိန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးမှာလည်း တာဝန်မကင်းဘူးလို့ ယူဆမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်  “တရားဥပဒေနဲ့အညီ” စွဲဆိုလိုက်သည်ဆိုတဲ့ အမှုတခုတိုးလာတိုင်း တိုးလာတိုင်း အဲဒီအမှုကို စွဲဆိုတဲ့ တရားလိုကို မြင်အောင်ကြည့်မိပါတယ်။ အဲဒီလို ကြည့်မိတိုင်းလည်း အေသင်ဒီမိုကရေစီခေတ်မှာ ဆော့ခရတ္တိပြောခဲ့တဲ့ “ဥပဒေက မည်မျှပင် ကောင်းစေကာမူ လူမကောင်းလျှင် အကျိုးမဖြစ်ဘဲ အပြစ်ပင်ဖြစ်တတ်၏” ဆိုတဲ့ စကားတခွန်းကို ထပ်တလဲလဲ ကြားယောင်မိပါတယ်။ 

မွန်မွန်မြတ် 

* Ref:  https://aappb.org

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013