DVB Logo
Home
ရွေးကောက်ပွဲ
ကိုယ်ပျောက်သိုင်းသမားများနှင့် ထိုက်စန်းတောင်ပေါ်က ရွေးကောက်ပွဲ
DVB
·
July 21, 2025
ကိုယ်ပျောက်သိုင်းသမားများနှင့် ထိုက်စန်းတောင်ပေါ်က ရွေးကောက်ပွဲ
Donate to DVB

မည်သူက အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ (၂၀၂၅ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု တပ်ချုပ်၊ ဝန်ကြီးချုပ်နှင့် နစကဥက္ကဋ္ဌ မင်းအောင်လှိုင်က အတည်ပြု ပြောကြားခဲ့သဖြင့်) စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲက မကြာမီ လာတော့မည်ဆိုသည့်သဘော။ ဘယ်လိုပုံစံမျိုးနှင့် လာမည်လဲ။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက Voice of Myanmar သတင်းမီဒီယာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် အပိုင်းနှစ်ပိုင်း စီစဉ်ထားသည်ဟု ဆို၏။ တပိုင်းက ရွေးကောက်ပွဲ စနစ်၊ နောက်တပိုင်းက လုံခြုံရေးစနစ်ဟု သူက ညွှန်းသည်။

“စနစ်အရ Closed PR ဆိုပါစို့။ Closed PR နဲ့ လုပ်မယ်ဆိုရင် ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဘယ်သူမှန်း မသိတော့ဘူး။ အဖွဲ့အစည်းကိုသာ ပေးရမယ်ဆိုတော့ အလိုလိုနေရင်း လုံခြုံသွားမယ့် သဘောရှိတယ်။”

ဦးခင်ရီ၏ အဆိုအရ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်၊ လုံကြမ်း (မြို့နယ်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့) နှင့် ပါတီခါးပိုက်ဆောင် လုံခြုံရေးသမားများက တာဝန်ယူမည် ဆိုသည့်သဘောပင်။ “သေနတ်တလက်တည်း ရှိတဲ့သူကို ကျနော်တို့ ဓားသမား အယောက်နှစ်ဆယ်က မကြောက်ဘူးလေ” ဟု ဦးခင်ရီက ဆိုသည်။ (ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် သူတို့ကို ကိုယ်ပျောက်သိုင်းသမားများဟု ဤဆောင်းပါးတွင် ရည်ညွှန်းသွားမည်။)

ပြည်ခိုင်ဖြိုးပါတီမှာ ပါတီဝင်ထောင်ကျော် သတ်ဖြတ်ခံထားရသည့် နိုင်ငံရေးပါတီတခု ဖြစ်သဖြင့် ရွေးကောက်ပွဲဝင်ရဲမည့် ကိုယ်ပျောက်သိုင်းသမား များများစားစားမှ ရှိပါ့မလားဟု စိုးရိမ်မကင်း ဖြစ်စရာပင်။

လက်ရှိအနေအထားအရတော့ ပြည်ခိုင်ဖြိုးပါတီက တကောင်တည်းပြေးသည့်မြင်းကဲ့သို့ ဖြစ်နေသည်။ လာမည့် ရွေးကောက်ပွဲအတွက် Door-to-Door နှင့် MLM ကဲ့သို့သော Marketing စနစ်မျိုးပါ သုံးပြီး နေ့စဉ်နှင့် အမျှ မဲဆွယ်သည့်သဘောရှိသည်။ “အုပ်ကြီးသင်းကြီးနဲ့ မလုံမခြုံရှိတဲ့နေရာမှာ စကားပြောမယ့်အစား Door-to-Door စနစ်ပေါ့၊ တအိမ်တက်ဆင်း စည်းရုံးတဲ့စနစ်တွေ၊ ဆင့်ပွားစည်းရုံးတဲ့စနစ်တွေ နေ့စဉ်နှင့်အမျှ ဆောင်ရွက်နေတယ်”။

ပုံမန် ငါးနှစ်တကြိမ်လုပ်သည့် ရွေးကောက်ပွဲမျိုးမဟုတ်ဘဲ နိုင်ငံတော်က အခြေအနေ လိုအပ်ချက်အရ လုပ်ရသည့် Transitional Election ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မဟုတ်သည့်  ဦးခင်ရီက ဆိုသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲဥပဒေက ထွက်မလာသေး။

ဦးခင်ရီကတော့ ရွေးကောက်ပွဲကော်မရှင်ဘက်က ရှေ့နေလိုက်ရှာသည်။ “တရားဝင်ညွှန်ကြားချက် မရတဲ့အခါမှာ ပြောဖို့နည်းနည်းခက်တာပေါ့။ ရွေးကောက်ပွဲဥပဒေ မထွက်ခင်မှာ ရွေးကောက်ပွဲဥပဒေအကြောင်း ပြောလို့မရဘူး။ ဥပဒေက ဆွဲပြီးသားဖြစ်ပါလိမ့်မယ်။ သေချာ အမိန့်မရသေးလို့ပေါ့။”

ဤသို့သာဆိုလျှင် ရွေးကောက်ပွဲကော်မရှင် ဆိုသည်ကြီးက တခေတ်တခါက ဖွင့်ခဲ့သည့် “အမိန့်ရ ထန်းရည်ဆိုင်” ကြီးနှင့် တူမနေဘူးလား။ “အမိန့်ရ ကော်မရှင်” ဟု ခေါ်ကြပါစို့။

မကြာသေးခင်က စစ်ကောင်စီကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်ဆိုသည့် အခမ်းအနားမှာတော့ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာ၀ပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆိုပြီး သိုင်းလောကသားများက မစားရ၀ခမန်း ကြွေးကြော်ကြသည်။ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ကို သုံးဦးစပ် ငါးပိရည်ကျိုကဲ့သို့ ကျိုပြီးစားလိုက်လျှင် ၉၆ ပါးသော ရောဂါများ အမှန်တကယ် ပျောက်မည့်ပုံစံမျိုးပင်။ ရွေးကောက်ပွဲသာ လုပ်တော့မည်။ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များက လုံခြုံရေးစိတ်မချရသဖြင့် ခေါင်းပင် မပြူဝံ့သေး။ မြန်မာ့အလင်းသတင်းစာက ပင်တိုင်ဆောင်းပါးရှင် ပေါက်စ လွန်ခဲ့သည့် အနှစ် ၂၀ လောက်က ရေးခဲ့သည့် ဆောင်းပါးခေါင်းစဉ်ကိုတောင် သတိရသည်။ “လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပါဗျာ” ဆိုလား။

ရွေးကောက်ပွဲသည် လက်ရှိအခက်အခဲများ အားလုံး၏ ထွက်ပေါက်တခု (one of the good exists) ဟုလည်း ဦးခင်ရီက ဆိုသည်။ မဲဆန္ဒရှင် ပြည်သူများကတော့ ရွေးကောက်ပွဲအပေါ်  မည်သို့သဘောထားကြမည်မသိ။ ၁၉၉၀ တွင်တကြိမ်၊ ၂၀၂၀ တွ၍် တကြိမ် ပြည်သူပေးခဲ့သည့် ဆန္ဒမဲရလဒ်များကို ဖျက်ဆီးပစ်ခဲ့သည့် အဖွဲ့အစည်းက ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူက အယုံအကြည် ရှိပါဦးမည်လား။

ခုတလော တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သဘောထားအမြင် စစ်တမ်း၊ အင်စတီကျူးရှင်းနှင့် လူပုဂ္ဂိုလ်များအပေါ် လူငယ်များ၏ ယုံကြည်မှုစစ်တမ်း စသဖြင့် စစ်တမ်းတွေ ခေတ်စားလှသော်လည်း စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် လူထုသဘောထားအမြင်ကို စစ်တမ်းကောက်မည့်အဖွဲ့ တဖွဲ့တလေမှ ပေါ်မလာသေး။

မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုအဆင့်ဝင်ပြိုင်မည့် ပါတီ ၉ ပါတီက ကိုယ်ပျောက်သိုင်းသမားများက ကန့်လန့်ကာနောက်ကွယ်ကနေ ဓားရေးတပြင်ပြင် ခါးတောင်းကျိုက်တပြင်ပြင် ဖြစ်နေကြပုံပင်။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီးကတော့ “နိုင်တာရှုံးတာကတော့ ပြည်သူရဲ့အဆုံးအဖြတ်ပေါ့၊ ပြည်သူထောက်ခံရင် နိုင်မှာပေါ့၊ ပြည်သူမထောက်ခံရင် မနိုင်ဘူးပေါ့” ဟု ဆိုသည်။

တဖက်တွင်လည်း “မဲဘယ်လောက်ပေးမှ ရွေးကောက်ပွဲ အောင်မြင်တယ်ဆိုတာ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မရှိဘူး။ သို့သော်လည်းပဲ ကြည့်ကောင်း ရှုကောင်းဖြစ်တဲ့ ပမာဏဖြစ်ဖို့ လိုတာပေါ့” ဟု ဆိုပြန်တော့ မဲဆန္ဒရှင် ပြည်သူများအပေါ် အလေးထားသည့် ဥက္ကဋ္ဌကြီး၏ စိတ်ရင်းအမှန်ကို သိရပြန်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြောင်း ရေးရင်းက ဆိုရှယ်လစ်ပါတီ၏ လမ်းစဉ်လူငယ် ကေဒါတယောက် အနေဖြင့် ကိုယ်တိုင်လုပ်အားပေးခဲ့ဖူးသည့် ၁၉၈၅ ခုနှစ်က စတုတ္ထအကြိမ် ပြည်သူ့ကောင်စီရွေးကောက်ပွဲကိုပင် သတိရမိသေးတော့။

ရွေးကောက်ပွဲကျင်းပသည့် နေရာကလည်း လမ်းစဉ်ပါတီရုံးကြီးထဲမှာပဲ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးချယ်ပေးသည့် ကိုယ်စားလှယ်များကို ပါတီဝင်တွေက ဝိုင်းပြီး မဲပေးလိုက်ကြခြင်းဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သွားကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သာ ဆိုသည်။ ပြည်သူက ဘယ်ဆီနေမှန်းလည်းမသိ။

အဲသည့်ခေတ်က အလွန်ခေတ်စားသည့် တရုတ်သိုင်း၀တ္ထုတွေထဲကလို ပြောရလျှင် မည်သို့လုပ်လိုက်သည်မသိ၊ ကိုယ်ပျောက်သိုင်းသမားပေါင်း ၄၅၀ ကျော် လွှတ်တော်ထဲ ရောက်သွားခဲ့ကြသည်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကလည်း မဆလခေတ် ကလုပ်သည့် ရွေးကောက်ပွဲနှင့်များ တူနေမလား မသိနိုင်။

မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို တရုတ်သိုင်း၀တ္ထုတွေထဲတွင်ပါသည့် ထိုက်စန်းတောင်ပေါ်က သိုင်းပြိုင်ပွဲလို သဘောထားကြသည့် ကိုယ်ပျောက်သိုင်းသမားတွေ ရှိနေကြတာတော့ အမှန်ပင်။

မည်သို့ရွေးချယ်လိုက်သည်မသိသည့် ရွေးကောက်ခံကိုယ်စားလှယ် စာရင်းတွင် သူတို့ပါမပါ မည်သူမျှ မသိကြသေးသော်လည်း ကိုယ်ပျောက်သိုင်းလောကသားများကတော့ ထိုက်စန်းတောင်ဘက်သို့ အလျှိုအလျှို သွားနေကြသည်။

မွန်မွန်မြတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013