
ဂျာမနီနိုင်ငံက အိန္ဒိယနဲ့ နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန် ရေငုပ်သင်္ဘော ပူးပေါင်း ဆောင်ရွက်မှုအတွက် နောက်ဆုံးသဘောတူညီချက်ကို မကြာမီ လက်မှတ်ထိုးဖို့ မျှော်လင့် ထားတယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ဧပြီ ၂၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ပစ္စတိုးရီးယပ်စ်က “မကြာမီ လက်မှတ်ရေးထိုးနိုင်မယ်လို့ ကျနော် အလွန်ယုံကြည်ပါတယ်”လို့ ပြောခဲ့ပြီး နောက် ၃ လအတွင်း လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
စီစဉ်ထားတဲ့ သဘောတူညီချက်အတွက် လပေါင်းများစွာ လုပ်ဆောင်နေပြီး ဂျာမန် စစ်သင်္ဘော ထုတ်လုပ်သူ TKMS နဲ့ အိန္ဒိယ သင်္ဘောထုတ်လုပ်သူ မာဇာဂွန် ဆိပ်ကမ်း သင်္ဘော တည်ဆောက်သူများကုမ္ပဏီတို့က ဦးဆောင်နေပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ်ဆင်းက ကာကွယ်ရေးဆွေးနွေးပွဲတွေအတွက် ဂျာမနီမြို့တော် ဘာလင်ကို ရောက်ချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘန်ဒလာဘလောက် ရုံးချုပ်ကို တရားဝင် လာလည်ခဲ့တာပါ။ သူ့ကို ပစ္စတိုးရီးယပ်စ်က စစ်ရေးဂုဏ်ပြုပွဲနဲ့ ကြိုဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲတွေမှာ အရှေ့အလယ်ပိုင်း၊ အင်ဒို-ပစိဖိတ်နဲ့ ယူကရိန်းနိုင်ငံတို့က လုံခြုံရေး အခြေအနေ တွေအပြင် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ လက်နက်တပ်ဆင်ရေး ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆွေးနွေးကြမှာပါ။
အဲဒီနောက် ဝန်ကြီး ၂ ယောက်ဟာ ရေတပ်သင်္ဘောတည်ဆောက်ရေးအတွက် TKMS ဆီ သွားလည် ဖို့ ကီးလ်မြို့ဆီ အတူတကွ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။
Source: Reuters










