
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ တပ်မတော်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ)ပါ အချက်တချို့ကို ချိုးဖောက်နေတယ်လို့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တပ်ဖွဲ့က အရာရှိတစ်ဦးက “အန်စီအေစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ EAO တပ်တွေအနေနဲ့ လက်နက်မပါဘဲ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့ အချက်ရှိတယ်။ ဒါပေမဲ့ စစ်တပ်က ကျနော်တို့ တပ်သားတချို့ကို ဖမ်းဆီးတာတွေရှိနေတယ်။ သူတို့ဖမ်းထားတဲ့ ကျနော်တို့တပ်သားတွေမှာ ဘာလက်နက်မှမပါဘူး။ သူတို့က ကျနော်တို့ တပ်သား ၂ ဦးကိုအရေးယူချင်တော့ စီးလာတဲ့ ဆိုင်ကယ်ဟာ လိုင်စင်မရှိလို့ဆိုပြီးဖမ်းထားတယ်” လို့ ပြောပါတယ်။
RCSS/SSA တပ်ဖွဲ့ဝင် နှစ်ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အဝင်မှာ ဩဂုတ် ၃၀ ရက်က ဖမ်းဆီးခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ ပို့ကုန်/သွင်းကုန်ပုဒ်မ-(၈)နဲ့ တရားစွဲဆိုထားပါတယ်။
“ခမရ ၅၀၁ တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦးက တရားလိုလုပ်ပြီး ကျောက်မဲတရားရုံးမှာ တရားစွဲထားပါတယ်” ဖမ်းဆီးခံရတဲ့ RCSS တပ်သားနဲ့ နီးစပ်သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထားဝယ်မြို့နယ်ဥက္ကဋ္ဌနဲ့ KNU ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (NCA- S EAO)စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ဟာ အန်စီအေရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် ၇ ချက်မှာ ရေရှည်တည်ငြိမ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ထောင်မယ်လို့ စက်တင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။