DVB Logo
Home
Lead Story
စစ်တိုက်ကြတော့မယ့်အခါ
DVB
·
September 14, 2021
စစ်တိုက်ကြတော့မယ့်အခါ
Donate to DVB

အခုကာလကြီးမှာ စစ်တိုက်မှာကို ဘယ်နိုင်ငံကမှ အားမပေးပါ။ အထူးသဖြင့် စစ်တိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေကို ဘယ်သူကမှ တာဝန်ယူပြီး ဖြေရှင်း ပေးချင်စိတ်မရှိပါ။ ဒါကြောင့်မို့လို့ စစ်တိုက်တာကို ဘယ်နိုင်ငံတကာအသိုက်အဝန်းကမှ အားပေးထောက်ခံမှာ မဟုတ်ပါဘူး။ 

COVID-19 ကြောင့် ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးကို ပြန်ကုစားဖို့၊ ဆိုင်ရာ နိုင်ငံတွေရဲ့ လူမှုစီးပွား ဆိုင်ရာကိစ္စရပ်တွေကို ကုစားဖို့အတွက် အလုပ်ရှုပ်နေကြတဲ့ တိုင်းပြည်တွေဟာ မြန်မာလို နိုင်ငံမှာ full-blown civil war ဖြစ်ပြီး လူသန်းချီ ထွက်ပြေးရနိုင်တဲ့ ကိစ္စရပ်မျိုးကို “ကောင်းတယ် ချချ” လို့ ဘယ်လိုနည်းနဲ့မှ ပြောမှာလည်းမဟုတ်ပါ။ 

ဒီလိုပြောလို့ စစ်တိုက်တာ မှားတယ်ဆိုတာမျိုးမဟုတ်ပါ။ တိုက်မှကိုရမှာမို့ စစ်တိုက်မယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြပြီးဖြစ်တာမို့၊ ကိုယ့်အနေနဲ့ တတ်နိုင်သမျှ ကူညီထောက်ပံ့ပို့ပဲရှိပါတယ်။ ဒီလိုပြောလို့လည်း ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို မစဉ်းစားဘဲ ဒီနေ့ပဲ နေပြည်တော် သိမ်းတော့မလိုလိုနဲ့ အိပ်မက် မက်နေတဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပါ။ 

စစ်တိုက်တယ်ဆိုတာ အလွန်အကုန်အကျများတဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်။ ၂၁ ရာစုမှာ စစ်တိုက်ခဲ့တာ အာဖဂန်နဲ့ အီရတ်ရှိတယ်။ လစ်ဗျားမှာ R2P နဲ့ ဝင်တယ်။ ဆီရီးယားရှိတယ်။ ဒါကလွဲရင် တခြားမရှိ။ အခုလည်း အဲဒီ နေရာတွေ ဘာဖြစ်နေသလဲ မြင်နိုင်ပါလိမ့်မယ်။

စစ်တိုက်တယ်ဆိုတဲ့နေရာမှာ သမ္မတက လွှတ်တော်ကနေ စစ်ကြေညာတာကိုပဲ အများက မြင်လေ့ရှိကြတယ်။ အဲဒီကြေညာချက်ရဲ့ နောက်ကွယ်မှာ ဒေါ်လာ ထရီလီယံနဲ့ချီတဲ့ အကျိုးစီးပွားတွေရှိတယ်။ ဝန်ကြီးဌာနတွေရဲ့ အကျိုးစီးပွား၊ military-industrial complex ရဲ့ အကျိုးစီးပွားတွေ တစ်သီတစ်တန်းကြီးရှိပါတယ်။ အာဖဂန်နဲ့ အီရတ်ကို စစ်တိုက်တာ ရီပတ်ဘလစ်ကန် သမ္မတပါ။ ရီပတ်ဘလစ်ကန်ဒိုနာတွေဟာ ယေဘုယျအားဖြင့်က ရေနံကုမ္ပဏီကြီးတွေပါ။ စဉ်းစားကြည့်လေ မြင်သာလာလေပါ။ အီရတ်ကို သိမ်းပြီးတဲ့အခါ ဘုရှ်အစိုးရက လစ်ဘရယ်လိုက်ဇေးရှင်း ပလန်အကြီးကြီးယူချလာပြီး၊ အီရတ်စီးပွားရေးကို စိတ်ကြိုက်ပုံဖော်ပါတယ်။ ကျန်တာတွေကိုတော့ ဆက်သာ ဖတ်ကြည့်ပါ။ 

ဆိုလိုချင်တာက - စစ်အေးခေတ်မဟုတ်တော့တဲ့အတွက် ဒီမိုကရေစီအတွက် စစ်မတိုက်တော့ပါ။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ လူသားမျိုးနွယ်တို့ ဘာတို့ ညာတို့ဟာ ဖိုရမ်တွေ၊ ကြေညာချက်တွေ အစည်းအဝေးတွေမှာ နားထောင်ကောင်းရုံ၊ လူကြားကောင်းရုံ ပြောကြပေမဲ့ အဲဒီဟာတွေအတွက် လက်တွေ့ကျကျ လုပ်ပါဆိုတဲ့ အချိန်ကျရင် အကျိုးစီးပွားသည်သာလျှင် ဦးထိပ်ပန်ရာ ဖြစ်ကုန်တာပါပဲ။ 

မြန်မာမှာ အဲဒီနိုင်ငံကြီးတွေအတွက် ဘာအကျိုးစီးပွားမှမရှိပါ။ မြန်မာမှာ အဓိက အကျိုးစီးပွားရှိတာ တရုတ်သာလျှင်ဖြစ်ပါတယ်။ မြန်မာဟာ geopolitics အရ အရေးပါမှု အထိုက်အလျောက်ရှိပေမယ့်၊ နိုင်ငံကြီးတွေရဲ့ မျက်လုံးနဲ့ကြည့်ရင် အရမ်းထူးခြားနေတာတော့လည်း မဟုတ်ပါ။

မြန်မာကိစ္စမှာ နိုင်ငံတကာဆိုတဲ့ နိုင်ငံတွေရဲ့ တုံ့ပြန်ပုံကိုကြည့်ရင်းတချို့တွေက “ဟာ ဒီမိုကရေစီအတွက် ဒီလောက်တောင် မလုပ်ကြဘူးလား” ဆိုပြီး အံ့ဩ၊ စိတ်ပျက်ကြပါတယ်။ တစ်ကယ်တော့ ဒါတွေဟာ ဘာမှ အံ့ဩရမယ့်ကိစ္စတွေမဟုတ်သလို၊ စိတ်ပျက်ဖို့လည်းမရှိပါဘူး။ ဒီလိုပဲ ဖြစ်လာတာ အခုမှလည်းမဟုတ်ပါဘူး။ ကိုယ်တွေဆီမှာသာ ပရင်ဆင်ပယ်တွေကို ကိုးကွယ်လွန်းရာက လက်တွေ့ကျတဲ့ ပါဝါနိုင်ငံရေး၊ အကျိုးစီးပွား နိုင်ငံရေး၊ realpolitik တွေကို မေ့သွားကြတော့တာ။ 

(ခပ်ကြမ်းကြမ်းပြောရရင်) ဟိုမျှော်၊ ဒီမျှော်နဲ့ မျှော်တော်ယောင်လုပ်ရင်း naïve ဖြစ်နေလို့မရတော့ပါဘူး။ လက်တွေ့ကျကျ စဉ်းစားရပါတော့မယ်။ 

ပြည်သူက စိတ်အားအရမ်းတက်ကြွနေလို့ပဲဖြစ်ဖြစ်၊ ဒီလမ်းကို ရွေးမှကို ရတော့မယ်လို့ ဆုံးဖြတ်လိုက်ကြလို့ပဲဖြစ်ဖြစ် သေချာတာတစ်ခုက အခုတိုက်မယ့် စစ်ဟာ ပြည်သူတွေအတွက် နှစ်ဆ ဝန်ထုပ်ရှိတယ်လို့ မြင်ပါတယ်။ ပထမတစ်ခုကတော့ စစ်တိုက်ရာမှာ ပါဝင်ကြမှာမို့၊ စစ်က‌ တောင်းဆိုလာမယ့် ရင်းမြစ်တွေကို ပြည်သူက ပေးရဖို့ပါ။ ဘယ်သူကမှ လာပေးမှာမဟုတ်ပါ။ နောက်တစ်ခုကတော့ စစ်ကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို ခါးစီးခံဖို့ပါ။ အခုလိုပြောနေတဲ့ အထဲမှာ ကိုယ့်မိသားစုလည်း ပါပါတယ်။ 

အထက်မှာပြောသလိုပဲ နိုင်ငံတကာ အသိုက်အဝန်း၊ ဒေသတွင်းနိုင်ငံတွေ၊ တရုတ်လို ဒေသတွင်းအင်အားကြီးနိုင်ငံတွေက မြန်မာပြည်မှာ full-blown civil war ဖြစ်မှာကို မလိုလား၊ အဲဒီအကျိုးဆက်တွေကို ရင်မဆိုင်လိုတဲ့အတွက် မြန်မာပြည်သူတွေနဲ့ NUG ဟာ ကိုယ့်အားကိုယ်ကိုးပြီး စစ်တိုက်မယ် ဆိုရင်တောင် လက်နက်ဝယ်လို့ မရအောင်၊ သို့မဟုတ် မခက်ခက်အောင် မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။ 

ဇွန်လတုန်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံသို့လက်နက်များရောက်ရှိမှုထိန်းချုပ်ရေးဆိုတဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်လုပ်ခဲ့တာ မှတ်မိမှာပါ။ အဲဒီ ဆုံးဖြတ်ချက်မှာ “မြန်မာ” လို့ပြောတာဖြစ်တဲ့အတွက် SAC တင်မကဘဲ၊ စစ်တိုက်မယ့် အစုအဖွဲ့အားလုံးနဲ့ သက်ဆိုင်လာတာပါပဲ။ ဒီဆုံးဖြတ်ချက်ကြောင့် လက်နက်ဈေးတွေ တက်လာတာပါပဲ။ သယ်ရပို့ရ ခက်လာတာပါပဲ။ 

ခြုံငုံရရင် လမ်းကြောင်းတစ်ခုကို ရွေးလိုက်ပြီးတဲ့နောက်မှာ ဆုံးအောင်လျှောက်ကြရမှာပါပဲ။ လျှောက်တဲ့အခါမှာ လက်တွေ့ကျတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး၊ ပြင်ဆင်သင့်တာကို တတ်နိုင်သမျှ ကြိုတင်ပြင် ဆင်ကြဖို့သာပါပဲ။ စိတ်အားတက်ကြွလွန်းပြီး အခြေအနေမှန်ကို လက်တွေ့ကျကျ မမြင်နိုင်ခြင်းက အကျိုးထက် အဆိုးသာများနိုင်တယ်ထင်လို့ ရေးမိခြင်းပါ။

စစ်မော် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013