DVB Logo
Home
နိုင်ငံရေး
မြန်မာစစ်တပ်ရဲ့ Raison D'etre
DVB
·
August 11, 2021
မြန်မာစစ်တပ်ရဲ့ Raison D'etre
Donate to DVB

စစ်အာဏာဘာလို့သိမ်းသလဲဆိုတဲ့ မေးခွန်းကို နိုင်ငံတကာသံတမန်တွေကြားမှာ မကြာခဏမေးလေ့ရှိတယ်။ လွယ်လွယ်ဖြေတဲ့အဖြေကတော့ “အာဏာရူးလို့” “အာဏာလိုချင်လို့” ဆိုတာပါပဲ။ ဒါလည်းဟုတ်တယ်။ ဒီ ထက်ပိုပြီး နက်ရှိုင်းတဲ့ အကြောင်းအရင်းတွေရှိတယ်လို့ ငြင်းချက်ထုတ်ချင်ပါတယ်။ သေချာလေ့လာရမယ့် သဘောတရားဖြစ်ပေမယ့်၊ အခုတော့ အမြည်းလောက် ဆဝါးကြည့်လိုက်ပါတယ်။

နိုင်ငံရေးဘောဂဗေဒ (political economy) နဲ့ နိုင်ငံရေးလူမှုဗေဒ (political sociology) ရှုထောင့် တွေကနေ ကြည့်ရင် မြန်မာစစ်တပ်ရဲ့ raison d’etre ကို တွေ့နိုင်တယ်။ 

နိုင်ငံရေးဘောဂဗေဒရှုထောင့်က ကြည့်ရင် - စစ်တပ်ဟာ နိုင်ငံရဲ့ ရင်းမြစ်တွေကို ထိန်းချုပ်နိုင်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လိုတယ်။ မြေကြီးထဲကထွက်တဲ့ ရင်းမြစ်တွေကိုသာမကဘဲ လူ့စွမ်းအားရင်းမြစ်တွေကိုပါ ထိန်းချုပ်ချင်တယ်။ မြန်မာဆိုတဲ့ ပေါ်လတီ (polity) ထဲမှာ ရင်းမြစ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ စစ်တပ်ရဲ့ discourse အတိုင်းပဲ စီမံခန့်ခွဲလိုတယ်။ ဒီလို စီမံခန့်ခွဲခွင့်ကို စိုးမိုးထားခြင်းအားဖြင့် စစ်တပ်ဟာ နိုင်ငံတော်ထဲက နိုင်ငံတော် (state within the state) ဖြစ်လာတယ်။ စစ်တပ်နဲ့ နိုင်ငံတော်ကို ခွဲထုတ်လို့မရအောင် ပူးကပ်ထားလိုက်တယ်။ ဒါကြောင့် စစ်ခေါင်းဆောင်အဆက်ဆက်က နိုင်ငံတော်လို့ သုံးရင် စစ်တပ်အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့သုံးတာကိုပဲ တွေ့ရတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ် နောက်ခံရှိထားတဲ့နိုင်ငံမှာ တခြားလက်နက်ကိုင် အင်အားစုတွေဆီကို ရင်းမြစ်တွေ ခွဲပေးထားဖို့ လိုအပ်တယ် ဆိုတာကို စစ်တပ်က နားလည်တယ်။ ဒါပေမဲ့ ခွဲတဲ့နေရာမှာ စစ်တပ်ရဲ့ terms နဲ့ပဲသွားမယ်။ Ceasefire Capitalism (Woods, 2011) မှာ ဒီသဘောတရားကို သွားတွေ့တယ်။ တစ်နည်းဆိုရရင် - စစ်တပ်ရဲ့ political economy အပေါ်မှာ စီမံခန့်ခွဲပုံပဲ။ တခြား အရပ်သားတွေက ဝင်ပြီး စီမံတာ၊ အရပ်သားတွေရဲ့ terms နဲ့ သွားတာကို စစ်တပ်က လုံးဝမလိုလားဘူး။ 

စစ်တပ်/ဦးပိုင်ကလုပ်တဲ့ စီးပွားရေးတွေက စစ်တပ်ကို တိုက်ရိုက်အကျိုးရှိစေတဲ့ အကျိုးစီးပွားမျှသာပဲ။ ရေခဲစိုင်ဥပမာနဲ့ပြောရရင် ထိပ်ဖျားလောက်ပဲ။ စစ်တပ်တစ်ကယ်လိုချင်တာက အဲဒီထက် အများကြီးပိုတယ်။ ရေထဲမှာ မြုပ်နေတဲ့ အစိုင်အခဲကိုပါ ထိန်းချုပ်ချင်တာ။ ပြီးခဲ့တဲ့ ၅ နှစ်မှာ အရပ်သားအစိုးရက (အပေါ်ယံဆန်လွန်းပြီး မသိမှုကြီးတဲ့ CSO တွေဘယ်လောက်ပဲ ပေးစားနေနေ) စစ်တပ်ရဲ့ အချက်အချာအကျိုးစီးပွား (core interests) တွေကို ၂၀၀၈ အောက်မှာပဲ ပညာသားပါပါ လျှော့ခဲ့တယ်။ မြင်သာတဲ့ ဦးပိုင်လိုမျိုး၊ တိုက်ရိုက်ဆန်တဲ့ အကျိုးစီးပွားတွေကို သိပ်မထိခဲ့ဘူး။ တမင်မထိခဲ့တာလို့ မှတ်ယူလို့ရတယ်။ ဒါကို စစ်တပ်က ရိပ်စားမိတယ်။ ထွေအုပ်ကို ရွှေ့တဲ့ကိစ္စက လူသိများလို့သာ နာမည်ထွက်ပေမယ့် တခြားမြောက်များစွာရှိတယ်။ ဘာလို့ဆို ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးမှာ NLD အစိုးရလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေ၊ ဥပဒေပြုရေးကဏ္ဍက ပြုပြင်ပြောင်းလဲမှုတွေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်တာ။ 

နိုင်ငံရေးလူမှုဗေဒရှုထောင့်ကြည့်ရင် - စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ လူမှုဓလေ့နယ်ပယ်ကိုပါ စိုးမိုးလိုတယ်။ မြောက်ကိုရီးယားလောက် ဆိုးဖို့ အစီအစဉ်ရှိပုံမရပေမယ့်၊ မြန်မာပြည်သူတွေရဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်၊ လူမှုဓလေ့ဆိုင်ရာ နှုန်းစံတန်ဖိုးတွေကို စစ်တပ်ရဲ့ discourse အောက်မှာပဲ လည်ပတ်စေချင်တယ်။ ပြီးခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်းမှာ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးအသိနဲ့ လစ်ဘရယ်စံနှုန်းတွေဟာ တော်တော်ကြီးကို တိုးတက်ခဲ့တာ။ နှစ်ပေါင်း ၆၅ နှစ်စာ နောက်ကျခဲ့မှုနဲ့ ယှဉ်ကြည့်ရင် ပြီးခဲ့တဲ့ ၅ နှစ်ဟာ ပေးရတဲ့အချိန်နဲ့ရလဒ်ကြားမှာ ရလဒ်ကတော်တော်သာတယ်။ ပြီးခဲ့တဲ့ ၅ နှစ်မှာ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် တစ်ဦးချင်းလွတ်လပ်ခွင့်မှာ မြန်မာက တော်တော်ရှေ့ရောက်တယ်။ ဒီနေ့ နွေဦးတော်လှန်ရေးကို အဲဒီ တိုးတက်မှုတွေနဲ့ အသက်ဆက်နေတာ။ 

ဒီ liberalization ကို စစ်တပ်က လုံးလုံးသဘောမကျဘူး။ စစ်တပ်ဟာ သူတို့ အဓိပ္ပါယ်ဖွင့်တဲ့ ဘာသာရေးအိုင်ဒီယိုလိုဂျီ (ဗုဒ္ဓကဘာပဲဟောခဲ့ဟောခဲ့)၊ သူတို့ အဓိပ္ပါယ်ဖွင့်တဲ့ အမျိုးသားရေးဝါဒ/မျိုးချစ်စိတ်၊ သူတို့အဓိပ္ပါယ်ဖွင့်တဲ့ ဒီမိုကရေစီနဲ့ပဲ လူမှုဓလေ့စံနှုန်းတွေကို လည်ပတ်စေချင်တာ။ ၂၀၀၈ အောက်မှာ အဲဒီ course ကို ရအောင်ထိန်းမယ်လို့ အကြံရှိတယ်။ NLD အစိုးရဟာ လောကီသီးသန့်နိုင်ငံတော် (secular state) ကို ချက်ချင်းကြီးတည်ဆောက်လို့မရတာ သိတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို ယခင် အုပ်ချုပ်ခဲ့သူများလိုပဲ ဦးထိပ်ထားတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ဗားရှင်းတော့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာကို “ပညာသိ”နဲ့ နားလည်တဲ့ သူတစ်ယောက်။ သို့တိုင်အောင် စစ်တပ်က ဘဝင်မကျဘူး။ သာဝန် ဦးအောင်ကို ကို မဲတာဒီကိစ္စပဲ။ အခုပဲ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ဗုဒ္ဓဘာသာဝင်တွေ စိတ်ညှိုးနွမ်းတယ်ဘာညာ ပြောနေတာ။ အဲဒါ စစ်တပ်ရဲ့ ဗားရှင်းကို မ.ဘ.သ နဲ့အတူ ချုပ်ငြိမ်းစေခဲ့လို့ မချိတင်ကဲ ထွက်လာရတဲ့အသံ။

ခြုံငုံရရင် - ပြီးခဲ့တဲ့ ၅ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေဟာ နိုင်ငံရဲ့ နိုင်ငံရေးဘောဂဗေဒနယ်ပယ်မှာရော၊ နိုင်ငံရေးလူမှုဗေဒနယ်ပယ်မှာရော စစ်တပ်ကို အတွဲညီညီစိန်ခေါ်ခဲ့တာ။ (၂၀၀၈ အောက်ကိုဝင်တာ မှားတယ်ဆိုပြီး ပေါက်ကရ လျှောက်ပြောနေသူတွေ သေချာနားလည်ဖို့လိုတဲ့အချက်ပဲ။) ဒီမိုကရေစီအကူးအပြောင်းရဲ့ သိမ်မွေ့ကြွပ်ဆတ်တဲ့ သဘောသဘာဝတွေကြောင့် NLD အစိုးရက သိမ်မွေ့တဲ့ နည်းလမ်းတွေသုံးခဲ့တယ်။ ရည်ရွယ်ချက်က နိုင်ငံကို စစ်တပ်နဲ့ ပူးကပ်ထားရာကနေ ခွာဖို့ ကြိုးစားခဲ့တာပဲ။ တစ်နည်းပြောရရင် စစ်တပ်ရဲ့ raison d’etre ကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် စစ်တပ်မှာ ရွေးချယ်စရာမရှိတော့ဘူး။ အာဏာသိမ်းမှကိုရမယ့် အခြေအနေ ဆိုက်တာပါပဲ။ မဲစာရင်းတို့ ဘာတို့က ဘယ်သူမှ ယုံနိုင်စရာမရှိတဲ့ ပေါ့ပျက်ပျက် အကြောင်းပြချက်တစ်ခုမျှသာပါပဲ။

စစ်မော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013