DVB Logo
Home
မြန်မာသတင်း
D-Day ကြေညာပြီးနောက် မိတ္ထီလာ၊ မကွေးလေတပ်စခန်းက တိုက်လေယာဉ်များ ဆက်တိုက်ထွက်ခွာ
DVB
·
September 7, 2021
D-Day ကြေညာပြီးနောက် မိတ္ထီလာ၊ မကွေးလေတပ်စခန်းက တိုက်လေယာဉ်များ ဆက်တိုက်ထွက်ခွာ
1 / 2
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်း ကြေညာပြီးပြီးနောက် မိတ္ထီလာနဲ့ မကွေးလေတပ်စခန်းက တိုက်လေယာဉ်တွေ ဆက်တိုက်ထွက်ခွာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

စစ်တပ်အခြေစိုက်မြို့တစ်ခုဖြစ်တဲ့  မန္တလေးတိုင်း  မိတ္ထီလာမြို့မှာ စစ်လေယာဥ်တွေ တစ်စင်းပြီးတစ်စင်း ပျံနေသံကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကြေညာချက်ထုတ်ပြီး ၁၅ မိနစ်လောက်မှာ စကြားရတယ်။ တစ်စင်းပြီးတစ်စင်း ဘာအတွက်ပြင်ဆင်နေကြလဲတော့မသိဘူး။ အရေးပေါ်အခြေအနေ ကြေညာပြီဆိုတော့ လူတွေလည်း အပြင်သိပ်မထွက်ရဲကြဘူး။ ဒီမှာက စစ်တပ်အခြေစိုက်မြို့ဆိုတော့ ပိုဆိုးတယ်။ စစ်ကားတွေလည်း တွေ့လိုက်တယ်”လို့  မိတ္ထီလာမြို့ခံက ပြောပါတယ်။ 

NUG အစိုးရက တိုက်ပွဲခေါ်သံ စတင်ကြောင်း ကြေညာလိုက်တဲ့ ဒီမနက်မှာ  မကွေးလေတပ်စခန်း ဌာနချုပ်ကလည်း တိုက်လေယာဥ်တွေ ဆက်တိုက်ပျံသန်းနေတယ်လို့ လေတပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးလေတပ်စခန်း ဌာနချုပ်က တိုက်လေယာဥ်တွေဟာ အိမ်ခေါင်မိုးပေါ်တွေကနေ ဆက်တိုက် အနိမ့်ပျံသန်းတာကြောင့် နားတွေအူပြီး နားပိတ်ထားရတယ်လို့ လေတပ်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အရင်က လေတပ်စခန်းက လေကျင့်ရေးတိုက်လေယာဥ်တွေလောက်သာ ပုံမှန်ပျံသန်းတာရှိပေမယ့် ဒီနေ့မနက်ပိုင်းမှာတင် တိုက်လေယာဥ် ပျံသန်းတာ အစီး ၂၀ လောက်ရှိနေပြီးတော့ လက်ရှိအချိန်ထိလည်း အတက်အဆင်းတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်ချုပ်ရေးကို ပြည်သူအားလုံးဝိုင်းဝန်း တွန်းလှန်ဖို့အတွက် စက်တင်ဘာ ၇ ရက်ကစပြီး နိုင်ငံတဝန်းမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်ကြဖို့လည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013