DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က တစ်ရက်လျှင် ပျမ်းမျှလူ ၅ ဦးနှုန်း သတ်ဖြတ်နေဟု အေအေပီပီ ထုတ်ပြန်
DVB
·
August 21, 2021
အကြမ်းဖက်စစ်တပ်က တစ်ရက်လျှင် ပျမ်းမျှလူ ၅ ဦးနှုန်း သတ်ဖြတ်နေဟု အေအေပီပီ ထုတ်ပြန်
1 / 3
Donate to DVB

မတရားစစ်အာဏာသိမ်းကာလ အကြမ်းဖက်စစ်တပ်က တရက်ကို ပျမ်းမျှလူ ၅ ယောက်နှုန်း သတ်ဖြတ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းမှုရက်ပေါင်း ၂၀၀ ပြည့်လာခဲ့ပြီဖြစ်ကာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၁၀၀၇ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး ရမ်းကားရက်စက်တဲ့လုပ်ရပ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေတာဟာ စနစ်တကျ စီစဉ်ထားတဲ့ အကြမ်းဖက်မှုပုံစံတစ်ခုကို ကျင့်သုံးနေတယ်ဆိုတာ တွေ့မြင်ရပါတယ်။ 

အစောပိုင်းကာလတွေမှာတော့ ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေကို အသုံးပြုပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပေမယ့် ဒီနည်းလမ်းတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်က အလိုရှိတဲ့ရလဒ်တွေကို ဖြစ်ပေါ်မလာစေတဲ့အခါမှာ ပိုမိုဆိုးရွားရက်စက်တဲ့ နည်းလမ်းတွေကို မတ်လအတွင်းမှာပိုမိုတိုးမြှင့်ဆောင်ရွက်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်ဝင်ရောက် စီးနင်းမှုတွေ၊ မီးရှို့မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်လျက်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ဒီကနေ့အချိန်ထိ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၆ ယောက်၊ အင်ဂျင်နီယာ ၇ ယောက်၊ ပညာရေးနယ်ပယ်မှ ဝန်ထမ်း ၁၀ ယောက် နဲ့ကျောင်းသား ၇၁ ယောက်တို့ ကျဆုံးသွားခဲ့ရတယ်လို့ အေအေပီပီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကျဆုံးမှု အများဆုံးနေ့အဖြစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အထင်ကရ သမိုင်းဝင်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် ဆင်နွှဲခဲ့ရတဲ့ ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးနေ့မှာ အကြမ်းဖက်စစ်တပ်က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္ဿာရီအပါအဝင် အခြားဒေသများမှ အပြစ်မဲ့အရပ်သား ပြည်သူပေါင်း ၁၆၄ ယောက် ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။

အဲဒီနေ့က ကျဆုံးခဲ့ကြသူတွေထဲမှာတော့ အသက် ၁၈ နှစ်အရွယ် ၂ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၄ ယောက်၊ စုစုပေါင်း ၁၆ ယောက်ဟာ အကြမ်းဖက် စစ်အုပ်စုလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူ သတ်ဖြတ်ခံရမှုတွေထဲမှာတော့ ရန်ကုန်တိုင်းက ၂၄၁ ယောက်၊ မန္တလေးတိုင်းက ၂၁၇ ယောက်၊ စစ်ကိုင်းတိုင်းက ၂၀၄ ယောက်စီနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ် စတင်ကတည်းက စစ်တပ် သတ် ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် အယောက်၂၀ နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၂ ယောက်၊ စုစုပေါင်း ၈၂ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေပီပီရဲ့ အချက်အလက်ကောက်ယူမှုတွေအရ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ် ရပ်တွေကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ အမျိုးသမီးအယောက် ၇၀ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းမှုတွေကြောင့် အသက် ဆုံးရှုံးရသူပေါင်း ၆၄၉ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး လူပေါင်း ၁၀၆ ယောက်ကတော့ ဆိုးဝါးလှသော နည်းလမ်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013