DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် အပါအဝင် ၄ ဦးကို အဂတိမှုဖြင့် စစ်ကောင်စီ တရားထပ်စွဲ
DVB
·
August 19, 2021
နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် အပါအဝင် ၄ ဦးကို အဂတိမှုဖြင့် စစ်ကောင်စီ တရားထပ်စွဲ
Donate to DVB

ဖမ်းဆီးတရားစွဲခံနေရတဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊  ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူနဲ့ ဒေါ်စံပယ်ထွေးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူနဲ့ ဒေါ်စံပယ်ထွေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ဩဂုတ် ၁၈ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်တရားစွဲဆို အရေးယူ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာမှာ ဒေါက်တာမျိုးအောင်ဟာ တာဝန်ထမ်းဆောင်ခဲ့စဉ် ပုဂ္ဂိုလ်တစ်ဦးကို ဒက္ခိဏသီရိ စီးပွားရေးဇုန်မှာ မြေဧက ၂၀ ကို နေရာချပေးခဲ့တာ၊ ဥတ္တရသီရိမြို့နယ်မှာ သူနေထိုင်ဖို့ တစ်ထပ်တိုက် နေအိမ်တစ်လုံးဆောက်တာ၊ ဒက္ခိဏသီရိမြို့နယ်မှာ ပြည်သူ့အငှား အိမ်ရာစီမံကိန်း အတွက် လာဘ်ငွေကျပ်သိန်း ၁၁၀ ကို လက်ခံရယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်   အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးသို့ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ ထောက်ပံ့ သုံးစွဲခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူနဲ့ ဒေါ်စံပယ်ထွေးတို့ဟာ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက် (၁၆)ကွက် ဖော်ထုတ်ရာမှာ နေပြည်တော် စည်ပင်အနေနဲ့ဆောင်ရွက်ပေးဖို့မလိုတဲ့ ကိုယ်ပိုင် မြေကွက်တွေမှာ မြေကြီး Level ညှိပေးတာ၊ မြေကွက် ပြင်ဆင်ဆောင်ရွက်ပေးခဲ့တာကြောင့် နိုင်ငံတော်အနေနဲ့ ပြည်သူ့ဘဏ္ဍာ ငွေကျပ် ၁၄၈ သန်းကျော် နစ်နာ ဆုံးရှုံးခဲ့တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ဟာ ဒက္ခိဏသီရိ ရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန် ဧရိယာအတွင်း၌ မြေကွက် (၄၄)ကွက်၊ စုစုပေါင်း မြေဧရိယာ ၇၄ ဒသမ ၇၆ ဧကကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီ/ လူပုဂ္ဂိုလ် ၁၉ ဦးတို့ထံ တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းနဲ့ မြေနေရာ ချထားပေးခဲ့လို့ နိုင်ငံတော် အနေနဲ့ ငွေကျပ် သိန်း ၁၄၉၅၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။  

စစ်ကောင်စီရဲ့ အဆိုပါ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကတော့ ဖမ်းဆီးခံထားရတဲ့ အတွက် ပြန်လည်တုံ့ပြန်ချေပ ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ 

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ဖမ်းဆီးခဲ့ကာ  ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့လည်း တရားစွဲဆိုထားလို့  သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ အမှုတွဲရင်ဆိုင်နေရပါတယ်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊  ဦးရဲမင်းဦးဟာလည်း နေပြည်တော်မြို့မဈေးမှာ မီဒီယာစင်တာ ဆောက်လုပ်တဲ့ကိစ္စနဲ့  ဩဂုတ် ၅ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013