DVB Logo
Home
မြန်မာသတင်း
ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး၊ ကိုဗစ်ကာကွယ်ဆေးထိုးရေး အပစ်ရပ်ရန် တိုက်တွန်း
DVB
·
August 18, 2021
ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး၊ ကိုဗစ်ကာကွယ်ဆေးထိုးရေး အပစ်ရပ်ရန် တိုက်တွန်း
1 / 3
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးတတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့မြန်မာနိုင်ငံက ပြည်သူတွေအတွက်  ကာကွယ်ဆေးထိုးပေးနိုင်ဖို့  ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်း ရေရှည်ရပ်ထားဖို့ ဗြိတိန်နိုင်ငံက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဩဂုတ် ၁၇ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ အပြီးမှာ ဗြိတိန်ရဲ့ ကုသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး ဂျိမ်းစ်ခါရီယူကီ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လိုအပ်သူအားလုံးအတွက် ကာကွယ်ဆေးထိုးနိုင်ရေး ခွင့်ပြုဖို့နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ လူသားချင်းစာနာကူညီသူတွေ တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့စရာလိုဘဲ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် လူသားချင်းစာနာတဲ့ အနေနဲ့ တိုက်ပွဲတွေချက်ချင်း ရေရှည်ရပ်ထားဖို့ ဗြိတိန်သံအမတ်က  တိုက်တွန်းပါတယ်။ 

မြန်မာပြည်သူတွေလူမျိုးမရွေးဘာသာမရွေး ကိုဗစ်ကာကွယ်ဆေးရဖို့ ကုလသမဂ္ဂတာဝန်ရှိသူတွေ အနေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့  အတူတကွ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက လူသားချင်းစာနာမှုအကျပ်အတည်းအပေါ် ရိုက်ခတ်မှုရှိနေတာတဲ့ပတ်သက်ပြီးလည်း  ကာကွယ်ဆေးဟာ ရောဂါကာကွယ်ဖို့ဖြစ်တယ်၊ နိုင်ငံရေးလက်နက်မဟုတ်ဘူးလို့လည်း  ဗြိတိန်သံအမတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းပဋိပက္ခဟာ တနေ့နေ့ ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရာနာဘာဂီနာနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ဒုတိယအကြီးအကဲ ရာမတ်ရှ်ရာဂျဆင်းဟမ် တို့ကလည်း အစည်းအဝေးမှာ ပြောခဲ့တယ်လို့  ဗြိတိန်သံအမတ်က ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အရမ်းကောင်းတဲ့ မှတ်တမ်းရှိခဲ့ပြီး  ကိုဗစ်-၁၉ အစီအစဉ်ကောင်းကောင်းလုပ်ဆောင်နေခဲ့ပေမဲ့ အခုတော့ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်ကလည်းရှိရုံသက်သက်သာဖြစ်တယ်၊  ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ဆက်လက်တိုက်ခိုက်နေတာ လက်မခံနိုင်စရာဖြစ်ပြီး တိုင်းပြည်လူဦးရေရဲ့ ၃ ရာခိုင်နှုန်းပဲ ကာကွယ်ရေးထိုးရသေးတယ်လို့ ပြောပါတယ်။ 

ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ဒုတိယအကြီးအကဲ ရာမတ်ရှ်ရာဂျဆင်းဟမ်ကတော့ မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်ပြိုလဲနေပြီ၊ ကိုဗစ်ဗိုင်းရပ်ရောဂါလှိုင်းပြန်ဖြစ်နေသလို  ရန်လိုမှုတွေ၊ အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ သိသိသာသားများလာ နေတယ်လို့ အစည်းအဝေးမှာ ပြောတဲ့ အကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်ကပြောပါတယ်။

မစ္စခရစ္စတင်းရှာရာနာဘာဂီနာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဘာဂီနာကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကပ်ရောဂါအရေးနဲ့ တခြားလူသားချင်းစာနာမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေအတွက်  ကူညီပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်သူအားလုံးအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ရေး ခွင့်ပြုဖို့လည်း တိုက်တွန်းပါတယ်။

ဒီအစည်းအဝေးမှာ  မကြားသေးခင်ကမှ အသစ်ခန့်ထားတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဖ်လည်း အွန်လိုင်းကနေ ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ 

အိန္ဒိယသံအမတ်ကြီး တီအက်စ်တီရူမုတီ

အာဆီယံအထူးကိုယ်စားလှယ်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်း ကိုယ်စားလှယ်လည်းဖြစ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ သံအမတ်ကြီး တီအက်စ်တီရူမုတီကသူ့ရဲ့ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မနေ့က မြန်မာ့အရေးကိစ္စ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတံခါးပိတ် အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို  ကြိုဆိုတယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို ခပ်စောစော သွားရောက်ဖို့လည်း မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ 

အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုကနေ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေဖို့စတာတွေပါရှိပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကတော့ သက်ဆိုင်သူတွေအားလုံးနဲ့တွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Photo-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013