
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ တတိယအကြိမ် ဧရာဝတီတိုင်း လွှတ်တော်၊ ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် ၂၀ ရက် မနက်ပိုင်းက ပုသိမ်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အအုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီရဲ့ ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကြံ့ခိုင်ရေးပါတီတိုင်းဥက္ကဋ္ဌ ဦးသိန်းထွန်း တယောက် တည်းကိုသာ အဆိုပြုမှုရှိခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြု ရွေးခဲ့တာလို့ သိရပါတယ်။
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌနေရာ ရွေးချယ်ရာမှာ ဇလွန်မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် (တစညပါတီ တိုင်းဥက္ကဋ္ဌ) နဲ့ ကန်ကြီးထောင့် မဲဆန္ဒနယ်က ကြံ့ခိုင်ရေးပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစောသက်နိုင်ဦးတို့ ၂ ယောက်ကို အဆိုပြုတဲ့သူ ရှိတာကြောင့် တယောက်ကိုသာ ဆန္ဒမဲပေးနည်းစနစ်နဲ့ ရွေးချယ်ခဲ့ရာမှာ ကြံ့ခိုင်ရေးပါတီရဲ့ ကန်ကြီးထောင့်မဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစောသက်နိုင်ဦးက ဧရာဝတီတိုင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း လွှတ်တော်ရုံးနဲ့ နီးစပ်သူက “ဒုဥက္ကဋ္ဌနေရာ ပြိုင်တဲ့သူရှိတာကြောင့် မဲစနစ်နဲ့ လုပ်ခဲ့ရတာ။ ရရှိမှုရလဒ်အရ ကန်ကြီးထောင့် မဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစောသက်နိုင်ဦးက အနိုင်ရသွားတာ။ ဧရာဝတီတိုင်းလွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သွားတယ်။ ရွေးချယ်ခံခဲ့ရတယ်ပေါ့။ မဲစနစ်ဆို ဘာလုပ်လို့ရမှာလဲ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းလွှတ်တော် တတိယအကြိမ် ပထမနေ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေလုပ်ဖို့ လွှတ်တော်သဘာပတိအဖြစ် လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က လုပ်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်းတယောက်က “တပါတီနစ် ကြီးစိုးတယ်၊ စစ်ကောင်စီက ချုပ်ထားတယ်။ ပါတီငယ်တွေ မျက်နှာငယ်ရတယ်။ ဘာမှ လုပ်ခွင့်မရတဲ့ ဧရာဝတီတိုင်း လွှတ်တော်နေ့ စတင်တာပါ။ ဒီနေ့ သဘာပတိအဖြစ်လုပ်တဲ့သူက စစ်ဖြစ်နေတဲ့ဒေသက ကိုယ်စားလှယ် တယောက်ပဲ။ သူဘာလုပ်မလဲ ကြည့်ရမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၂ ယောက်သာရှိပြီး တပ်မတော်သားကိုယ်စားလှယ် ၁၈ ယောက်၊ ကြံ့ခိုင်ရေးပါတီက ၃၇ ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ၇ ယောက်၊ ပြည်သူ့ပါတီက ၃ ယောက်၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၃ ယောက်၊ ကရင်ပြည်သူ့ပါတီက ၃ ယောက်နဲ့ မြန်မာနိုင်ငံရေး တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက တယောက်သာ ပါဝင်တယ်လို့ သိရပါတယ်။
တိုင်းလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၂ ယောက် ဖြစ်ပြီး လွှတ်တော်အစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး တယောက် အစည်းအဝေးတက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။










