DVB Logo
Home
မြန်မာသတင်း
အောင်လံလွှင့်ချီနွေဦးထီ စတင်ရောင်းချသည့်နေ့မှာတင် ထီစောင်ရေ ၅၀,၀၀၀ ရောင်းချရ
DVB
·
August 15, 2021
အောင်လံလွှင့်ချီနွေဦးထီ စတင်ရောင်းချသည့်နေ့မှာတင် ထီစောင်ရေ ၅၀,၀၀၀ ရောင်းချရ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အောင်လံလွှင့်ချီနွေဦးထီ စတင်ရောင်းချတဲ့ ဒီကနေ့ တစ်ရက်တည်းမှာတင် သတ်မှတ်ထားတဲ့ ထီစောင်ရေ ၅၀,၀၀၀ ရောင်းချခဲ့ရတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီခြိမ်းခြောက်နေတဲ့ကြားက အောင်လံလွှင့်ချီနွေဦးထီဟာ စရောင်းတဲ့ဒီနေ့ညနေမှာပဲ ထီထိုးတဲ့သူများတဲ့အတွက် နာရီပိုင်းအတွင်း တစ်ရက်စာရောင်းဖို့သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် ကုန်သွားတာဖြစ်ပါတယ်။ 

NUG ဒုဝန်ကြီး ဦးမင်းဇေယျာဦးက "ဒီနေ့က ကျနော်တို့ သက်မှတ်ထားတဲ့ အစောင်ရေပြည့်သွားတာပေါ့။ ထီအစောင်ရေပြည့်သွားတယ်ဆိုတာ အော်ဒါမှာတင်ပြည့်သွားတာပါ။ ညနေ ၄ နာရီကနေစရောင်းတယ်။ တစ်နာရီအတွင်း အော်ဒါပြည့်သွားတယ်ပေါ့လေ။ အစောင်ရေပြည့်သွားပေမယ့် အလုပ်ကတော့ဆက်လုပ်နေတဲ့ သဘောရှိပါတယ်။ ထီက တရက်ထဲရောင်းတာမဟုတ်ပါဘူး။ နောက်နေ့တွေလည်း ဆက်ရောင်းမှာပါ။ အခုဟာက Pilot Project ဖြစ်တဲ့အတွက်ကြောင့်မို့ အရောင်းရပ်လိုက်တာပါ။ ဒီနေ့ရောင်းချရတဲ့ အစောင်ရေက ငါးသောင်းရောင်းချခဲ့ပါတယ်။" ပြောပါတယ်။

စတင်ရောင်းချတဲ့အချိန် တစ်နာရီအတွင်း သတ်မှတ်အစောင်ရေ ပြည့်သွားတဲ့အတွက် ထီရောင်းချမှု ရပ်နားလိုက်ရတာကို နားလည်ခွင့်လွှတ်ပေးကြစေလိုပါကြောင်၊ နွေဦးထီဟာ စစ်အာဏာရှင်ပြုတ်မကျမချင်း နေ့စဉ်ရက်ဆက် ရောင်းချသွားမှာဖြစ်တဲ့အတွက် ဒီကနေ့ ထိုးချင်သော်လည်း မထိုးလိုက်ရသူတွေ  နောက်ရက်တွေမှာ ဆက်လက်အားပေးသွားနိုင်မယ်လို့ ဆိုပါတယ်။

နောက်ရက်တွေမှာလည်း သတ်မှတ်အစောင်ရေအား အစွမ်းကုန် တိုးမြှင့်လက်ခံနိုင်အောင် ကြိုးစားဆောင်ရွက် သွားမှာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာအဆင့်မြှင့်တင်တာကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဩဂုတ်လ ၁၅ရက်နေ့ညနေပိုင်းမှာ နွေဦးထီကိုထိုးတဲ့သူများလွန်းတဲ့အတွက် စောင့်ဆိုင်းဝယ်ယူရတာတွေရှိခဲ့ပါတယ်။

နွေဦးထီထိုးတဲ့ပြည်သူတွေကတော့ NUG ကို ပံ့ပိုးနိုင်ဖို့ရည်ရွယ်ချက်နဲ့ ထိုးတာလို့ ဆိုကြပါတယ်။ "စစ်ကောင်စီရဲ့ခြိမ်းခြောက်တာတွေရှိနေပေမယ့် အသက်ပေးသွားတဲ့သူရဲကောင်းတွေနဲ့ နှိုင်းယှဉ်ရင် ထီထိုးတာက ဘာမှမပြောပလောက်ဘူး"လို့ နွေဦးထီပါဝင်ကံစမ်းသူတစ်ဦးကပြောပါတယ်။

ထီထိုးတဲ့ ပြည်သူတွေကတော့ သူတို့ရဲ့ငွေကြေးတွေ NUG ဆီကို ပြည့်ပြည့်ဝဝရောက်သွားဖို့ မျှော်လင့်တယ်လို့ ဆိုကြပါတယ်။

နွေဦးထီမရောင်းချခင် ဩဂုတ် ၁၄ရက်နေ့မှာအောင်ဘာလေထီဌာနရဲ့ စီမံညွှန်ကြားရေးမှူးက အွန်လိုင်းကတရားမဝင်ထီထိုးသူတွေရဲ့ ဘဏ်အကောင့် တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံမြန်မာ့အလင်းသတင်းစာကနေတဆင့် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

နည်းပညာသမားတစ်ယောက်ကတော့ စစ်ကောင်စီက နွေဦးထီကိုနည်းပညာပိုင်းအရ ပျက်စီးသွားအောင်မတိုက်ခိုက်နိုင်ဘဲ ဘဏ်တွေကနေတဆင့် အရေးယူတာမျိုးပဲ ပြုလုပ်နိုင်မယ်လို့သုံးသပ်ပါတယ်။ ဘဏ်မဟုတ်တဲ့ ငွေလွှဲလုပ်ငန်းတွေကနေ ငွေလွှဲပြီး နွေဦးထီကို လုံလုံခြုံခြုံထိုးလို့ရတယ်လို့ ဆိုပါတယ်။

နည်းပညာသမားတစ်ဦးက"ကျနော်တို့ Profile တွေ Chellenge လုပ်တယ်။ Change တယ်။ သူတို့လုပ်လို့ရတာ စာထုတ်လို့ပဲရတယ်။ တစ်ယောက်ချင်းစီဘယ်လိုလိုက်ဖမ်းမလဲပြော။ ထောင်ထဲမှာတောင် ဆံ့မှာမဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့် ရဲရဲကြီးထိုးလို့ရတယ်။ Kpay ကြတော့ အကောင့်ကိုလိုက်မယ်ဆို ဗဟိုဘဏ်နဲ့သွားငြိမယ်။ ဗဟိုဘဏ်နဲ့ငြိရင် အကောင့်အပိတ်ခံရ မယ်။ Wave Money ကြတော့ ဗဟိုဘဏ်နဲ့လုပ်တာမဟုတ်ဘူး။ Wave Money တို့ True Money တို့ OK တို့နဲ့ ဆိုရတယ်။ NUG က အဲ့ဒါတွေနဲ့ လက်ခံပေးနိုင်မှာလား ကြည့်ရမှာ။ ဘဏ်အကောင့်နဲ့ဆိုရင်တော့ နည်းနည်းအန္တရာယ်များတာပေါ့ဗျာ။"လို့ ပြောပါတယ်။

အောင်ဘာလေဌာန စီမံညွှန်ကြားရေးမှူးကတော့ မြန်မာနိုင်ငံမှာKBZ ငွေပေးချေမှုစနစ် ၊ Wave Money အပါအဝင် Mobile Payment ဖုန်းကနေငွေပေးချေနိုင်မှုတွေ၊ Online Payment တွေ၊ Bank Transfer အားလုံးက ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုနဲ့ဆောင်ရွက်ရတယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

ဒီပြောဆိုချက်အရ ဘဏ်တွေကနေတဆင့် ငွေလွှဲတာဆို ပြဿနာရှိနိုင်ပေမယ့် သာမန်ငွေလွှဲလုပ်ငန်းတွေကနေ ထီဖိုးငွေတစ်သောင်းနှစ်သောင်းလွှဲတာအားလုံးကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လိုက်ကြည့်ဖို့မဖြစ်နိုင်ဘူးလို့ နည်းပညာသမားတွေက ဆိုပါတယ်။ နည်းပညာသမားတစ်ချို့ကတော့ NUG အနေနဲ့လုံခြုံရေးစနစ်ကို ပိုကောင်းအောင်ဆောင်ရွက်သင့်တယ်လို့ အကြံပြုတာတွေလည်းရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အောင်လံလွှင့်ချီနွေဦးထီ စတင်ရောင်းချမယ့် အချိန်ကို ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီ  မှာ စတင်ရောင်းချပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေရှိနေတဲ့ အတွက် ထီစတင်ရောင်းချမယ့်အချိန်ကို  ညနေ ၄ နာရီ ပြောင်းရွှေ့ခဲ့ရပါတယ်။

ကျန်တဲ့ရက်တွေမှာတော့  မူလသတ်မှတ်ထားတဲ့  အချိန်အတိုင်း မနက် ၁၀ နာရီကနေ ည ၁၀ အချိန်အတွင်း ထီလက်မှတ်များကို ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

“အောင်လံလွှင့်ချီ နွေဦးထီ”ထိုးလိုသူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာရဲ့ Chat Box https://m.me/nuglottery က တဆင့်ဝင်ရောက်ရမှာ ဖြစ်ပြီး တခြားအချိန်တွေမှာတော့ စနစ်ကို အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနေတာကြောင့် အသုံးပြုလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ထီတစောင်ကို ၂၀၀၀ ကျပ်ဖြစ်ပြီး အနည်းဆုံး ၅ စောင် ကံစမ်းရမှာဖြစ်ပါတယ်။

ပြည်တွင်းသုံး မိုဘိုင်းလ်ငွေကြေးစနစ်နဲ့ ပေးချေရမှာဖြစ်လို့ ကိုယ့်နာမည်နဲ့တရားဝင်ဖွင့်ထားတဲ့ အကောင့်တွေနဲ့ မပေးချေကြဖို့  NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက သတိပေးထားပါတယ်။ 

ထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကို ထောက်ပံ့မှာဖြစ်လို့ ကျန်ငွေ ၃၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပေးမှာဖြစ်ပြီး ငွေကျပ် ၁၅ သိန်း ဆုမဲတွေပဲ ဖွင့်လှစ်မှာပါ။

အောင်လံလွှင့်ချီနွေဦးထီနဲ့ ပတ်သက်ပြီး ဆင်တူယိုးမှား လူမှုကွန်ရက်စာမျက်နှာတွေလည်း ရှိနေနိုင်တဲ့အတွက်  NUG  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ တရားဝင် အပြာရောင်အမှန်ခြစ်ပါ https://web.facebook.com/MoPFINUG  ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ https://web.facebook.com/nuglottery/  လင့်ခ်ကနေ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013