DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဘဏ်များ ဒေဝါလီခံရမှု မဖြစ်နိုင်သေးဟု ငွေကြေးပညာရှင် သုံးသပ်
DVB
·
August 14, 2021
ပြည်တွင်းဘဏ်များ ဒေဝါလီခံရမှု မဖြစ်နိုင်သေးဟု ငွေကြေးပညာရှင် သုံးသပ်
Donate to DVB

စစ်ကောင်စီက ရုရှားအကူအညီနဲ့ ဝါဇီ ငွေစက္ကူထုတ်လုပ်တဲ့စက်ရုံကနေ ပိုက်ဆံတွေ ရိုက်ထုတ်တော့မှာဖြစ်တဲ့အတွက် ဘဏ်တွေ ဒေဝါလီခံရတာမျိုး မဖြစ်နိုင်သေးဘူးလို့ ငွေကြေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

ကျပ် ၅၀၀၀ တန်နဲ့ ကျပ်  ၁ သောင်းတန်ငွေစက္ကူတွေ ဖျက်သိမ်းမယ်၊ ဘဏ် ၃ ခု ဒေဝါလီခံမယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလဖြစ်ပြီး  မဟုတ်မှန်ဘူးလို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၃ ရက်နေ့က ကြေညာထားပါတယ်။ 

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ငွေကြေးပညာရှင် ဦးဇော်ဖေဝင်းက “ပြီးခဲ့တဲ့ တစ်ပတ်လောက်အထိကတော့ အကျပ်အတည်းက ရှိနေတယ်။ ရုရှားအကူအညီနဲ့ ဝါဇီစက်ရုံက  ပြန်လည်ပတ်ပြီလေ။ သူတို့ ပိုက်ဆံတွေတော့ ထုတ်တော့မှာပါ။ ဘဏ်တွေကိုလည်း လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးမယ်ဆိုရင်  ဘဏ်တွေက ဆက်ပြီးလည်ပတ်သွားမှာပေါ့။ သူတို့ထုတ်တာကလည်း သိပ်အများကြီးတော့ မဖြစ်နိုင်ဘူး။ မျှပေးမယ်ဆိုတော့ ဘဏ်တွေဆီက ပိုက်ဆံထုတ်ရတာ အခက်အခဲရှိဦးမယ်။ သို့သော်လည်း အသင့်အတင့်တော့ လျော့သွားနိုင်တယ်လို့ ယူဆရပါတယ်။ အဲ့ဒါကြောင့် ဘဏ်တွေ ဖျက်သိမ်းရအောင် အခြေအနေမကောင်းတဲ့ အဆင့်အထိ မရောက်သေးဘူးလို့ ယူဆရပါတယ်။”

စစ်ကောင်စီက ဝါဇီစက်ရုံကနေ ပိုက်ဆံရိုက်ထုတ်ပြီးတဲ့အခါ ပြည်တွင်းကဘဏ်တွေ လည်ပတ်ဖို့နဲ့ သူ့လက်အောက်ခံဌာနတွေ လည်ပတ်ဖို့ ငွေသားမျှဝေထုတ်ပေးဖို့ရှိနေပါတယ်။ 

စစ်ကောင်စီက အခွန်ဝင်ငွေမရတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိတော့တာတွေကြောင့်  စစ်ကောင်စီလက်အောက်ခံဌာနတွေဟာ ဝင်ငွေ မရှိတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ ဘတ်ဂျက်လို ငွေမြင့်မားနေပြီး ပြည်တွင်းမှာလည်ပတ်ဖို့ ငွေသားရိုက်ထုတ်တဲ့နည်းကို သုံးလာတာဖြစ်ပါတယ်။ 

ငွေသားရိုက်ထုတ်တဲ့နည်းကြောင့် ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုအခြေအနေပိုဆိုးလာပြီး ကုန်ဈေးနှုန်း ပိုတက်လာလိမ့်မယ်လို့ ဦးဇော်ဖေဝင်းက သုံးသပ်ပါတယ်။

“ပိုက်ဆံက ဝါဇီစက်ရုံလည်ပြီဆိုရင် ထုတ်တော့မှာလေ။ ပြည်တွင်းမှာ လည်ပတ်ဖို့ရာ ဘဏ်တွေကို လည်းပေးမယ်၊ အစိုးရဌာနတွေကိုလည်း ပေးမယ်ပေါ့။ တစ်ခုရှိတာက အစိုးရဌာနတွေမှာ ဘတ်ဂျက်လိုငွေက များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့  အရင်တုန်းက အခွန်ရတာတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံတာတွေရှိတယ်။ အဲ့ဒါတွေ သိပ်မရတော့ဘူး ဆိုတော့ကာ ပိုက်ဆံထုတ်တဲ့ နည်းနဲ့ပဲ လိုငွေကို ကျားကန်မှာဆိုတော့ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတက်တာကတော့ ပိုဆိုး လာနိုင်စရာရှိတယ်။ ဘဏ်တွေကတော့ ပျက်စရာအကြောင်းတော့ မမြင်ပါဘူး။ အဲ့ဒီလို သုံးသပ်ပါတယ်။”

စစ်ကောင်စီက ဝါဇီစက်ရုံကနေ ငွေသားရိုက်ထုတ်မှု ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်သော်ကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။ 

ဗဟိုဘဏ်က ထုတ်ပြန်ချက်မှာ ပုဂ္ဂလိကဘဏ်တွေကို ဝန်ဆောင်မှုပုံမှန်ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပေမယ့် လက်တွေ့အခြေအနေမှာတော့ ဘဏ်တွေဟာ ATM စက်ထဲကို ငွေသားပုံမှန်ထည့်ပေးတာ၊ တုံကင်စနစ်နဲ့ ဘဏ်စာအုပ်ထဲက ငွေသားထုတ်ပေးတာတွေကိုတောင် မဆောင်ရွက်ပေးနိုင်တော့ပါဘူး။

အရေးပေါ် ငွေသားလိုအပ်သူတွေဟာ ပြင်ပမှာ ဘဏ်စာရင်းထဲကငွေကို ရာခိုင်နှုန်းတစ်ခု အလိုက်ပေးပြီး ငွေသားနဲ့ လဲယူနေရကာ စီးပွားရေးလုပ်ငန်းရှင်တချို့ကတော့ ဘဏ်တွေကနေ ငွေသားထုတ်ဖို့ ခက်နေတဲ့အတွက် လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘူးလို့ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။

“သူတို့ထုတ်ပြန်ချက်ထဲမှာ ကောလာဟလကြောင့် လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပိုက်ဆံ သွားထုတ်နေကြတယ် ဆိုတော့ ဘဏ်တွေကပဲ နေ့တိုင်း ပိုက်ဆံတွေ အများကြီး ထုတ်ပေးနေသလိုလို၊ ငါတို့လည်း ဘဏ်မှာ ပိုက်ဆံထုတ်လို့မရတာလည်း တော်တော်ကြာပြီကွာ။ ဒီကြေညာချက်ကို ငါလည်း နားမလည်နိုင်ဘူး ဖြစ်နေတယ်။ အခုပြဿနာက တပြည်လုံး ရင်ဆိုင်နေရတာ။ ဘဏ်ထဲမှာ အကြီးအငယ်အလတ် ပိုက်ဆံထည့်ထားတဲ့သူတွေ ပြန်ထုတ်လို့ မရလို ရင်ဆိုင်နေရတဲ့ ပြဿနာက တပိုင်း။ အခုအသံထွက်နေတာက ဘဏ်သုံး ခုဖျက်မယ်ဆိုတဲ့ ကောလာဟလ ထွက်နေတယ်။ ကောလာဟလဆိုတာက မယုံကြည်ရသောသတင်း။ ဒါတွေက မဟုတ်မမှန်ပါဘူးဆိုတာ အရင်တုန်းက တခါမှလည်း ကြေညာတာမျိုး မတွေ့ဘူး။  ခေတ်အဆက်ဆက်ကတော့ မဟုတ်ဘူးဆိုရင် ဟုတ်တယ်လို့ လူတွေ ယုံကြည်တဲ့ သဘောကတော့ ဖြစ်နေတယ်။ စိုးရိမ်စရာကတော့ ဖြစ်လာတယ်။ ပြဿနာကတော့ ကျနော်တို့တိုင်းပြည်မှာက ငွေကြေးပြဿနာကတော့ နောက်ပိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ငွေကြေးပညာရှင်တွေပဲ သိမယ်။ အင်မတန်စိုးရိမ်စရာ အခြေအနေတော့ ရောက်နေပြီဗျ။”

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစပြီး  ဘဏ်တွေမှာ ငွေထုတ်ယူမှု နှုန်းထားကို ကန့်သတ်ခဲ့တာပါ။ 

သြဂုတ်လအတွင်း ပြည်တွင်းဘဏ်တချို့ရဲ့ ATM စက်တွေမှာ ငွေသားထည့်သွင်းတာ မရှိသလောက် နည်းပါးလာသလို ဖွင့်မယ်လို့ ကြေညာထားတဲ့ ဘဏ်ခွဲတွေကလည်း ပိတ်ထားပြီး ဝန်ဆောင်မှု မပေးနိုင်တာတွေ ရှိနေပါတယ်။ 

ဘဏ်စာအုပ်ထဲက ငွေသားထုတ်ယူဖို့ တုံကင်စနစ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာ တုံကင် အလှည့်ရဖို့တောင် ခက်ခဲနေတယ်လို့ ဘဏ်အသုံးပြုသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013