DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီးဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြံစည်သူများကို စုံစမ်းဖော်ထုတ်ရာ၌ ထိုင်းရဲတပ်ဖွဲ့ ကူညီမည်
DVB
·
August 10, 2021
သံအမတ်ကြီးဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြံစည်သူများကို စုံစမ်းဖော်ထုတ်ရာ၌ ထိုင်းရဲတပ်ဖွဲ့ ကူညီမည်
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်သူတွေနဲ့ ထိုင်းလက်နက်မှောင်ခိုသမားတွေ ပတ်သက်နေမှုကိစ္စ စုံစမ်းစစ်ဆေးနေရာမှာ လိုအပ်သလို ကူညီပေးသွားမယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်တဲ့သူ ၂ ဦးကို အမေရိကန် ဖယ်ဒရယ်စုံစမ်းရေးစစ်ဆေးရေး ဗျူရိုအဖွဲ့ FBI  က လက်ဦးဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါသေနတ်သမား ၂ ဦးက သူတို့ကိုနောက်ကွယ်ကနေ စေခိုင်းသူဟာ  ထိုင်းနိုင်ငံက လက်နက်မှောင်ခိုရောင်းသမားဖြစ်ကြောင်း  ဖြောင့်ချက်ပေး ထွက်ဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်အဖွဲ့အစည်းကမှ ကမ်းလှမ်းလာတာမရှိသေးပေမယ့် ကမ်းလှမ်းလာရင်တော့ ကူညီပေးဖို့အသင့်ရှိပါတယ်လို့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့ ဒုပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကစ္စန ဖတ်ကျနကျရွန်းက ဩဂုတ် ၉ ရက်  ယမန်နေ့ ပြစ်မှုဆိုင်ရာသတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

“ဒီကိစ္စကို ကျနော်လည်း ပြီးခဲ့တဲ့ ၂ရက် ၃ ရက်က သတင်းထဲမှာတွေ့ပါတယ်။ ထိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ဘယ်အဖွဲ့အစည်းကမှ သတင်းအချက်အလက်ဖလှယ်လာတာ၊ စုံစမ်းစစ်ဆေးဖို့ကမ်းလှမ်းလာတာမျိုးတွေ မရှိသေးပါဘူး။ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ကူညီပေးဖို့ အသင့်ပါပဲ။ ဒါပေမဲ့ အကြောင်းအရာပေါ်မူတည်ပါတယ်။”

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ် (၂၈နှစ်) နဲ့ ရဲဟိန်းဇော် (၂၀ နှစ်) တို့ နှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ 

သူတို့နှစ်ဦးကို ထိုင်းမှာရှိတဲ့ လက်နက်ပွဲစား (အာဏာသိမ်းစစ်ကောင်စီကိုလည်း လက်နက်ရောင်းနေသူ) က  အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးပြီး  ပထမအဆင့် ထိခိုက်ဒဏ်ရာရအောင် ခြိမ်းခြောက်ကာ သံအမတ်ရာထူးကနေ မထွက်ပါက လုပ်ကြံဖို့အထိ အကြံပေးခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက အမေရိ ကန်နိုင်ငံ နယူးယောက်ရှိ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အမှုထမ်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအစိုးရတက်လာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ လက်ရှိအစိုးရကို ကန့်ကွက်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့လို့ စစ်ကောင်စီက သူ့ကိုဖမ်းမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၉ ရက်နေ့က တုံ့ပြန် ပြောဆိုထားပါတယ်။ 

Photo -PPTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013