
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအညွှန်းကိန်း (Global Peace Index-GPI) ဟာ နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် အဆင့် ၁၅၁ မှာ ရပ်တည်နေပြီး မနှစ်ကထက် ၂ ဆင့်တက်လာပေမဲ့ ငြိမ်းချမ်းရေးအခြေအနေ အဆိုးဝါးဆုံးနိုင်ငံတွေထဲမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်တယ်လို့ ၂၀၂၆ GPI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ၊ စစ်ရေးတင်းမာမှုတွေနဲ့ လုံခြုံရေးကျဆင်းမှုတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၃ သန်းခွဲ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ပဋိပက္ခတွေကြောင့် သေဆုံးသူ ၉၀,၀၀၀ လောက်ရှိလာကြောင်းနဲ့ ကိန်းဂဏန်းတွေက GPI ရမှတ် အနည်းငယ်တိုးတက်လာပေမဲ့ မြေပြင်အခြေအနေက ဆိုးရွားနေဆဲဖြစ်တာကို ပြသနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
GPI ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအခြေအနေကို လုံခြုံရေးနှင့် လုံခြုံစိတ်ချရမှု၊ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ စစ်အင်အားတိုးချဲ့မှု ဆိုတဲ့ အဓိကကဏ္ဍ ၃ ရပ်နဲ့ တိုင်းတာတာ ဖြစ်ပါတယ်။
၂၀၂၆ အစီရင်ခံစာမှာ မြန်မာပြည်ရဲ့ လုံခြုံရေးနှင့် လုံခြုံစိတ်ချရမှုကဏ္ဍက ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာပေမဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ စစ်အင်အားတိုးချဲ့မှုကဏ္ဍတွေမှာ အခြေအနေ ပိုဆိုးလာခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ပြည်တွင်းပဋိပက္ခပြင်းထန်မှုနဲ့ နိုင်ငံရေးအကြမ်းဖက်မှု အညွှန်းကိန်းတွေက အမြင့်ဆုံးအဆင့်မှာ ဆက်ရှိနေဆဲလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၆ GPI အစီရင်ခံစာမှာ ၂၀၂၅ ခုနှစ် နှောင်းပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်တပ်က ရွေးကောက်ပွဲကျင်းပခဲ့တယ်လို့လည်း မှတ်တမ်း တင်ဖော်ပြထားပါတယ်။
၂၀၂၆ GPI ရဲ့ ထိပ်ဆုံးအဆင့်နိုင်ငံတွေမှာတော့ အိုင်စလန်၊ နယူးဇီးလန်နဲ့ ဆွစ်ဇာလန်တို့ရှိနေပြီး အဆိုးဆုံးမှာတော့ ရရှားနိုင်ငံက ၁၆၃ မှာရှိနေကာ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံတို့က ရုရှားနောက်မှာ အသီးသီး ရှိနေပါတယ်။










