
“မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ်ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာ ပြောကြားလိုပါတယ်။” ဒီစကားကို ပြောခဲ့သူက စစ်ကောင်စီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းအနေနဲ့ အဲဒီစကားကို မတ်လ ၄ ရက်မှာ ထုတ်ပြောခဲ့တာဖြစ်ပြီး အခု သူ ပြောတဲ့နေ့ကတွက်ရင် ရက် ၄၀ ရဲ့တဝက် နီးနီးရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက စစ်ရေးပြဿနာတွေရဲ့ ရိုက်ခတ်မှု အကျိုးအဆက်အဖြစ် ကမ္ဘာ့နိုင်ငံများစွာနည်းတူ လောင်စာဆီ လိုအပ်ချက် ကြုံတွေ့လာရချိန်မှာ အာဏာသိမ်းစစ်အုပ်စုက အခုလို တွက်ကိန်းချပြလာတာပဲ ဖြစ်ပါတယ်။
နဂိုကမှ စစ်အုပ်စုရဲ့ ပြောစကားကို မယုံကြည်တဲ့ပြည်သူတွေက တကယ်ရော စက်သုံးဆီ ရက် ၄၀ စာ ရှိပါ့မလားဆိုတဲ့ သံသယ အတွေးဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီ ပြောသလို မြန်မာနိုင်ငံအတွက် စက်သုံးဆီ ရက် ၄၀ စာ ရှိတယ်ဆိုတာ မှန်ရင်တောင် အခုဆိုရင် ရက် ၂၀ နီးပါး အချိန်ကုန်ဆုံးသွားပြီကာ ရည်ညွှန်းကာလရဲ့ တဝက်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြောဆိုချက်အတိုင်းဆိုရင် သင်္ကြန်ရုံးပိတ်ရက်ကာလ ဖြစ်တဲ့ ဧပြီလ ၁၂ ရက်မှာ စက်သုံးဆီ လုံလောက်မှု ခန့်မှန်း ရက် ၄၀ ပြည့်မှာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် စက်သုံးဆီ အခက်အခဲနဲ့ပတ်သက်လို့ စိုးရိမ်ရေမှတ်ရဲ့အထက်ကို ရောက်လာပြီး ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ လက်ကျန်ရက်တွေ ဖြတ်သန်းသွားရဖို့ ရှိနေပါတယ်။
စက်သုံးဆီ လိုအပ်ချက်ကို နိုင်ငံအများစုမှာ ရင်ဆိုင်နေရတာဖြစ်ပြီး နိုင်ငံတိုင်းက အရေးပေါ်ပြဿနာတခုအဖြစ် သတ်မှတ်ကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုစား ဖြေရှင်းနေကြပါတယ်။
ဒီလိုအချိန်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ စီမံ၊ ကိုင်တွယ်မှုတွေက ပြည်သူတွေအတွက် အခက်တွေ့စရာ ပိုဖြစ်ခဲ့ရပြီး ဆိုးရွားတဲ့ အခြေအနေကို ရောက်အောင် တွန်းပို့သလို ဖြစ်လာခဲ့ပါတယ်။
စစ်ကောင်စီက ကားတွေကို စုံ/မ စနစ်နဲ့ အသုံးပြုစေတာ၊ စက်သုံးဆီကို တရက် တကြိမ်ပဲ ဝယ်ခွင့်ရအောင် QR/ဘားကုတ် ဖတ်ပြီး ရောင်းချတာ၊ ဆီကို ကားအမျိုးအစားအလိုက် အကန့်အသတ်နဲ့ပဲ ရောင်းခိုင်းတာ စတဲ့ လက်ပူတိုက် ဖြေရှင်းမှု နည်းလမ်းတွေအောက်မှာ ပြည်သူတွေ ကမောက်ကမ ဖြစ်ကြရပါတယ်။
အဲဒီလို ရှုပ်ထွေးတဲ့ စီမံမှု၊ ညွှန်ကြားမှုတွေက ပြည်သူတွေကို ပိုအခက်တွေ့စေခဲ့ပြီး တဖက်မှာ အရေးယူခွင့်ရှိတဲ့ အဖွဲ့အစည်းတွေအတွက်တော့ ငွေရပေါက်ရလမ်းတခုအဖြစ် အသုံးဝင်ခဲ့ပါတယ်။
လတ်တလောမှာ ကသောင်းကနင်းဆန်တဲ့ ကန့်သတ် ထိန်းချုပ်မှုတွေကြောင့် အဆင်မပြေမှုတွေ ဆင့်ကဲကြုံနေရသလို ရက် ၄၀ အလွန်ကာလအတွက် ပြင်ဆင်မှုနဲ့ပတ်သက်လို့လည်း စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ သုံးစွဲမှုအနေနဲ့ တရက်ကို ဓာတ်ဆီဂါလန် ၁ ဒသမ ၅ သန်းနဲ့ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇ သန်းရှိတယ်လို့ စွမ်းအင်ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကားစီးရေ ၁၀ သိန်းကျော်ရှိပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ ကားအနေနဲ့ ၆ သိန်းခွဲနီးပါး ရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။
တရားဝင်မှတ်ပုံတင်ထားတဲ့ ကားတွေထဲက ဓာတ်ဆီသုံးတဲ့ကား ၅ သိန်းကျော်နဲ့ ဒီဇယ်သုံးကား ၁ သိန်းကျော် ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းကာလမှာ လောင်စာဆီ မလိုအပ်တဲ့ လျှပ်စစ်ကား (EV) တွေ တင်သွင်းအသုံးပြုလာပေမဲ့ အရေအတွက်အားဖြင့် အစီးရေ ၁၂,၀၀၀ လောက်ပဲ ရှိသေးသလို သဘာဝဓာတ်ငွေ့ (CNG) အသုံးပြုယာဥ် ၆,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပကနေ စက်သုံးဆီ ဝယ်ယူဖို့ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် သုံးစွဲရပြီး တင်သွင်းလာတဲ့ စက်သုံးဆီကို သယ်ယူပို့ဆောင်ရေး၊ စက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ၉၅ ရာခိုင်နှုန်းနဲ့ ကျန်တာကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံတကာမှာ စက်သုံးဆီ လိုအပ်ချက်နဲ့ ရင်ဆိုင်နေရတဲ့အတွက် နည်းမျိုးစုံနဲ့ ဆီပြတ်လပ်မသွားအောင် ကြိုးစားနေကြချိန်မှာ မြန်မာနိုင်ငံအနေနဲ့က အားရစရာကောင်းလောက်တဲ့ ပြင်ဆင်မှု ရှိမနေတာကို ပြည်သူတွေကိုယ်တိုင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဆိပ်ကမ်းမှာ ဆီသင်္ဘော ၂ စီး ရောက်နေပြီဖြစ်သလို ဆီဝယ်ယူထားပြီးဖြစ်တဲ့ နောက်ထပ်သင်္ဘော ၁၄ စီး ရောက်လာဖို့ ရှိတယ်ဆိုကာ ရက် ၄၀ စာ ဆီလုံလောက်တယ် ဆိုတဲ့ ပြောစကားနဲ့တင် ရပ်နေခဲ့ပြီး ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကို လျော့သွားအောင် ကြိုတင်ပြင်ဆင်မှုတွေ ချပြဖို့ တာဝန်မဲ့နေခဲ့ပါတယ်။
ဒီကြားထဲမှာ ရုရှားက စက်သုံးဆီကို ဝယ်မယ်ဆိုတဲ့ သတင်းစကားထွက်ခဲ့ပြီး မရေရာတဲ့ ကြိုးပမ်းမူအဖြစ် ပြည်သူတွေက ယူဆထားကြပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၂ မှာ စက်သုံးဆီ အခက်အခဲဖြစ်ခဲ့ချိန်က ရုရှားကနေ စက်သုံးဆီ ဝယ်မယ်ဆိုပြီး ကြွေးကြော်ကာ လုပ်ငန်းကော်မတီတခုဖွဲ့ကာ ဟန်လုံးထုတ်ခဲ့ပြီး လက်တွေ့ အလုပ်မဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမှာ စက်သုံးဆီ ပြတ်သွားမဲ့ အခြေအနေမရှိဘူးလို့ အာမခံစကား ပြောထားပြီး ဆီရောင်းချတဲ့အပေါ် ထိန်းချုပ်မှုတွေ ပိုပိုပြီးလုပ်လာတဲ့အတွက် ပြည်သူတွေကို ဒွိဟဖြစ်စေပါတယ်။
ဒါ့အပြင် တွက်ဆချက်ဖြစ်တဲ့ ရက် ၄၀ အချိန်ကာလ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ ဆီရှားပါးမှုတွေ တဖြည်းဖြည်းဆိုးလာသလို စက်သုံးဆီစျေး ခုန်တက်သွားတဲ့ ဖြစ်ရပ်တွေက ဆီပြတ်လပ်သွားတော့မှာလား ဆိုတဲ့ အတွေးဝင်စေပြီး စိုးရိမ်စိတ်လည်း အတားအဆီးမဲ့ မြင့်တက်သွားစေပါတယ်။
ပြည်သူတွေအနေနဲ့ ရက် ၄၀ အလွန်ကာလကို ရှောင်လွှဲမရဘဲ စိတ်ချောက်ချားမှုတွေနဲ့ သွားကြရမှာ ဖြစ်ပါတယ်။










