DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီက ကျင်းပပေးမည့် ရွေးကောက်ပွဲ တိုင်းရင်းသားများ မယုံရဲ
DVB
·
August 2, 2021
အာဏာသိမ်းစစ်ကောင်စီက ကျင်းပပေးမည့် ရွေးကောက်ပွဲ တိုင်းရင်းသားများ မယုံရဲ
Donate to DVB

စစ်ကောင်စီက အိမ်စောင့်အစိုးရ အသွင်ပြောင်းလိုက်တာကြောင့် ရှေ့ဆက်မြန်မာ့နိုင်ငံရေးဟာ ခန့်မှန်းရခက်သွားပြီး အရင်အတွေ့အကြုံ သင်ခန်းစာတွေအရ စစ်ကောင်စီက ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကိုလည်း မယုံကြည်ရဲဘူးလို့ တိုင်းရင်းသားနိုင်ငံရေးသမားတွေက ပြောလိုက်ပါတယ်။

စစ်ကောင်စီက ဇူလိုင် ၂၆ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖျက်သိမ်းခဲ့ပြီး အာဏာသိမ်းပြီး ၆ လအကြာ ဩဂုတ် ၁ရက်နေ့မှာတော့ စစ်ကောင်စီ လက်အောက်ခံ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဉက္ကဋ္ဌရာထူးနဲ့အတူ ဝန်ကြီးချုပ်ရာထူးကိုပါ ပူးတွဲရယူလိုက်ပြီး  ၂၀၂၃ ဩဂုတ်အထိ အာဏာဆက်ယူကာ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးမယ်လို့ကတိပြုပြောဆိုလိုက်ပါတယ်။

စစ်တပ်ကကျင်းပပေးမယ့် ရွေးကောက်ပွဲသစ်နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “၉၀ ပြည့်နှစ်မှာ ကျနော်တို့  ခံခဲ့ရပြီးပြီ။ ၈၈ တော်လှန်ရေးကြီးပြီးတော့ ၉၀မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်တယ်။ သပိတ်မှောက်နေတဲ့သူအားလုံးက အိမ်ပြန်ပြီးတော့ ရွေးကောက်ပွဲကိုမျှော်ကြတယ်။ ရွေးကောက်ပွဲလည်းတကယ်လုပ်ပါတယ်။ သို့သော်လည်းပဲ အဲ့ဒီတုန်းက ပြည့်ပြည့်စုံစုံမပြောထားခဲ့တဲ့အတွက် ရွေးကောက်ပွဲပြီးရင် ရွေးကောက်ပွဲမှာနိုင်တဲ့သူတွေကို ဘယ်အချိန်မှာ လွှတ်တော်ခေါ်ပေးမယ်ဆိုတာ တိတိကျကျအချိန်လိုလာပြီ။ အဲ့ဒီတုန်းက သင်ခန်းစာအရဆိုရင် Time Frame လိုမယ်။ အဲ့ဒါမရှိဘူးဆိုရင် ၂၀၂၃ သူတို့လုပ်မယ့်ရွေးကောက်ပွဲမှာ သူတို့လိုချင်တဲ့ပါတီကမနိုင်ဘူးဆိုရင် ၉၀ တုန်းကလို ခေါ်ချင်မှ ခေါ်မှာကို။ သူတို့လိုချင်တဲ့ သူတို့အားပေးတဲ့ပါတီက နိုင်တယ်ဆို သူတို့ချက်ချင်းလုပ်မှာပေါ့။ အဲ့ဒီသင်ခန်းစာတော့ရှိတယ်ဗျ"လို့ ပြောပါတယ်။ 

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမကောင်းသလို ကိုဗစ်ရောဂါအခြေအနေဆိုးနေတာကြောင့် မြန်မာ့နိုင်ငံရေးဟာ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာကို ခန့်မှန်းဖို့ခက်တယ်လို့လည်း စိုင်းညွန့်လွင်ကပြောပါတယ်။

"နစကအောက်က စီမံခန့်ခွဲရေးကော်မတီကို  အိမ်စောင့်အစိုးရဆိုပြီးဖွဲ့လိုက်တယ်။ နစက ဥက္ကဋ္ဌကပဲ ဝန်ကြီးချုပ်ပြန်ဖြစ်တယ်။ ဆိုတော့ ဝေဖန်ရတာ တအားခက်တယ်နော်။ နစက ဥက္ကဋ္ဌက ညွှန်ကြားတာကို ဝန်ကြီးချုပ်ကလိုက်နာရမယ်ဆိုတော့ တစ်ယောက်ထဲပဲလေ။ အဲ့တော့ကျနော်လည်း သေချာမပြောတတ်တော့ဘူး။ ကျနော်ထင်တယ် ဒီနေ့အထိ သူတို့လက်ခံကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေထဲမှာလည်း ဒါတွေပါပုံမရဘူးဗျ။ ကျနော်ဖတ်မိသလောက်ကတော့ မပါဘူးလို့ထင်တယ်။ အဲ့ဒါနည်းနည်းလွဲနေလားမသိဘူး။ ဥပဒေသမားတွေနဲ့ သေချာစစ်ကြည့်ဖို့လိုမယ်ထင်တယ်။” 

စစ်ကောင်စီက ရွေးကောက်ပွဲကို အချိန်တိုတွင်းကျင်းပမယ်ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တစ်ယောက်က လည်း ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့တာကြောင့် ဒေသတွင်းအနိုင်ရ တိုင်းရင်းသားပါတီတွေဟာ နစ်နာမှုကြီးမားခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒါအပြင် အန်အယ်လ်ဒီ ခေါင်းဆောင်တွေကိုဖမ်းဆီးထားတာကြောင့် ရွေးကောက်ပွဲလုပ်ခဲ့ရင်လည်း ဟန်ပြပဲဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ စစ်ကောင်စီက ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်ငန်းတွေအပြီး ဆောင်ရွက်မယ်လို့ပြောဆိုထားပေမယ့် သူတို့ရဲ့သက်တမ်းကို ထပ်တိုးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

စစ်ကောင်စီကသက်တမ်းကို ထပ်တိုးမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရမှာဖြစ်ပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့  ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းက ပြောပါတယ်။ 

"အန်အယ်လ်ဒီက နောက် ၂နှစ်အကြာမှာ ရွေးကောက်ပွဲဝင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ခေါင်းဆောင်တွေက ဖမ်းဆီးခံရတာ ထောင်ချခံရမယ့်အခြေအနေဖြစ်တဲ့အတွက် ဝင်ပြိုင်နိုင်မှာမဟုတ်ဘူး။ ဝင်ပြိုင်ဖို့ စိတ်လည်းဝင်စားမှာမဟုတ်ဘူး။ အန်အယ်ဒီကိုမကျေနပ်တာနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အောင်မြင်မှုရလဒ်ကိုပါ သူတို့က ဖျက်သိမ်းလိုက်တယ်ပေါ့။ အဲ့ဒါက နောက်တခါရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီတွေက သူတို့ကို ယုံကြည်စိတ်ချပါ့မလား"

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်မှာ ၂ နှစ်ခွဲကြာအာဏာ ဆက်ယူထားမှာ ဖြစ်ပြီး အဲဒီနောက် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ 

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက်မယ်လို့ အရင်က ပြောခဲ့ဖူးတဲ့ မွန်ညီညွတ်ရေးပါတီကတော့ အိမ်စောင့်အစိုးရအဖြစ်အသွင်ပြောင်းလိုက်ချိန်မှာ ပါတီတွင်းဆွေးနွေးတာတွေ ပြုလုပ်ရမှာဖြစ်ပြီး လတ်တလောမှာ ဘာမှမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက "ပြောလို့အဆင်မပြေသေးဘူး။ ဒီကိစ္စ ကျနော်တို့ပါတီထဲမှာ မဆွေးနွေး မတိုင်ပင်ရသေးဘူး။ ကျနော် တစ်ဦးတည်းသဘောလည်း လောလောဆယ်မပြောချင်သေးဘူး"

စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းဖွဲ့စည်းထားပေမယ့် ပြည်သူ့ထောက်ခံမှုမရှိရင် မအောင်မြင်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ  လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားပါတယ်။ 

စက်တင်ဘာလအတွင်းမှာ ကုလသမဂ္ဂက  မြန်မာနိုင်ငံမှာ ဘယ်အစိုးရက တရားဝင်ဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးဖို့ရှိနေတဲ့အတွက် စစ်ကောင်စီက အခုလိုဆောင်ရွက်တာလို့လည်း ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူတွေက စစ်ကောင်စီကျင်းပပေးမယ့်ရွေးကောက်ပွဲကို အယုံအကြည်မရှိဘဲ အာဏာရေရှည်သိမ်းချင်လို့ အိမ်စောင့်အစိုးရကို ဖွဲ့စည်းတာလို့ သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013