
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝှမ်းတွင် အပြစ်မဲ့ပြည်သူ နှစ်သောင်းခွဲကျော် သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၃.၆ သန်းကျော်အထိ ရှိလာကြောင်း ပြုစုထားသော အချက်အလက်များအရ သိရပါတယ်။
ထုတ်ပြန်ထားသော အချက်အလက်များအရ ၅ နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉,၀၈၈ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သား ၄,၆၀၀ ကျော် သေဆုံးခဲ့ကာ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံပေါင်း ၁,၂၀ဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ထို့အပြင် ဖမ်းဆီးခံရသူ ၃၀,၃၅၁ ဦး ရှိသည့်အနက် ၂၂,၇၆၂ ဦးမှာ ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အထူးသဖြင့် စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူ ၇၇,၀၀၀ ကျော်အထိ ရှိလာခြင်းနှင့် သတင်းထောက် ၂၀၀ ကျော် ဖမ်းဆီးခံရခြင်းတို့မှာ လူ့အခွင့်အရေးနှင့် သတင်းလွတ်လပ်ခွင့်၏ အဆိုးရွားဆုံးအခြေအနေများကို ပြသနေတာ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင်လည်း တိုက်ခိုက်မှုပေါင်း ၂,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၃.၆ သန်းကျော်မှာ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း အချက်အလက်များက ဖော်ပြနေပါတယ်။
အဆိုပါအချက်အလက်များကို UNHCR, ACLED, RSF, AAPP နှင့် NUG အပါအဝင် အဖွဲ့အစည်းပေါင်းစုံ၏ မှတ်တမ်းများအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါတယ်။










