DVB Logo
Home
မြန်မာသတင်း
ကနီတွင် ဖမ်းဆီးခံရွာသား ၁၂ ဦးကို စစ်တပ်က ထပ်မံသတ်ဖြတ်၊ အသတ်ခံရသူပေါင်း ၆၀ ကျော်ရှိလာ
DVB
·
August 1, 2021
ကနီတွင် ဖမ်းဆီးခံရွာသား ၁၂ ဦးကို စစ်တပ်က ထပ်မံသတ်ဖြတ်၊ အသတ်ခံရသူပေါင်း ၆၀ ကျော်ရှိလာ
Donate to DVB

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားပြည်သူ ၁၂ ဦးကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ပေါက်အရှေ့ရွာအနီး တောထဲမှာ အစုအပြုံလိုက် သတ်ဖြတ်ခံထားရတာ ဇူလိုင် ၃၁ ရက်နေ့ကတွေ့ရှိခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

ခိုတွင်းကျေးရွာသားတစ်ဦးက “ကျနော်တို့ တောင်ပေါက်ရွာအရှေ့ဘက်နားမှာ သတ်ထားခဲ့ကြတာဗျ။ အခုလောလောဆယ် ကနီမြို့က အမျိုးသား ၃ ဦး၊  ခိုတွင်းရွာကအမျိုးသား ၂ ဦး၊ သရက်တောရွာက အမျိုးသား ၇ ဦး စစ်ကောင်စီက သတ်သွားတာ။ ၁၄ နှစ်အရွယ် ကလေးတစ်ယောက်ကိုပါ သတ်သွားတာ။ သူတို့ သတ်သွားပြီး သေးဆုံးတဲ့အလောင်းတွေကို မိသားစုဝင်တွေနဲ့ သွားရှာမှ တွေ့ရတာဗျ။” လို့ပြောပါတယ်။ 

သတ်ဖြတ်ခံရတဲ့သူတွေထဲက အမျိုးသား ၃ ဦးဟာ  ရိုက်နှက်ပစ်သတ်ခံရတဲ့ အနေအထားတွေ့ရတယ်လို့ လည်း ရွာသားတစ်ဦးက ပြောပါတယ်။

“အမျိုးသား ၃ ဦးက ရိုက်နှက် သတ်ဖြတ်ပစ်သတ်ခံထားရတာ ဖြစ်နိုင်တယ်ဗျ။ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ  ညိုမည်းဒဏ်ရာ‌တွေ၊ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ သေနတ်ဒဏ်ရာတွေနဲ့ ပုပ်ပွ သေဆုံးနေတာ၊ တခြားအလောင်းတွေကိုလည်း မီးရှို့ထားခဲ့ကြတယ်ဗျ။ ထန်းလက်တဲအတွင်းနဲ့ ပျဉ်ပုံတွေပတ်လည်မှာ။”

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ကနီမြို့နယ်အနောက်ဘက် ထူး‌ကျေးရွာအနီး ကြက်ချောင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် ရွာအနီးနားမှာတွေ့ရတဲ့ အပြစ်မဲ့တောင်သူ ၁၂ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့တာလို့  ‌ဒေသံတွေက ပြောပါတယ်။

ကနီမြို့နယ် ချောင်းမကျေးရွာအနီးက ရွာတစ်ရွာမှာလည်း ဇူလိုင် ၃၁ ရက်နေ့က  စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဒေသခံ PDF တွေ ရှိမယ်အထင်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်ထဲ ပုန်းနေတဲ့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး လက်မောင်း ကျည်ထိမှန်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လောလောဆယ်တော့ ဘယ်ဆေးရုံမှ မသွားရဲသေးဘူး။ ကျနော်တို့ ရွာတောင်ဘက်မှာလည်း စစ်ကောင်စီက တပ်စွဲထားတယ်လေ။ အခုတော့ တတ်ကျွမ်းတဲ့သူတွေနဲ့ သက်သာအောင်တော့ ကုသနေရတာပေါ့ဗျာ။ အရိုးတော့မကျိုးလောက်ဘူးတော့ ထင်တာပဲဗျ။” 

စစ်ကောင်စီတပ်ရင်း ၃၃၊ ၄၄၊ ၉၉ စတဲ့ တပ်အင်းအားအများအပြားနဲ့ ကနီမြို့နယ်အတွင်း ကျေးရွာတိုင်းနီးပါးကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဇူလိုင် ၁ လအတွင်း အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၆၀ ကျော် ရှိလာပြီဖြစ်ပြီး ဒေသခံရွာသားတွေလည်း နေ့စဉ်လိုလို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ကနီမြို့နယ်အတွင်း စစ်ကောင်က သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကတော့ ယင်းကျေရွာက ၁၇ ယောက်၊ ချောင်းမရွာ၊ သမင်ခြံနဲ့ ငါးဖျတ်ရွာတွေက ၁ ယောက်စီ၊ ကျောင်းကုန်းက ၃ ယောက်၊ မိချောင်းတွင်းက ၂ ယောက်၊ ဇီးပင်တွင်းရွာက ၂၅ ယောက်နဲ့ ဇူလိုင် ၃၁ ရက်နေ့က တွေ့ရှိခဲ့တဲ့ ၁၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013