DVB Logo
Home
မြန်မာသတင်း
ကာကွယ်ဆေးမထိုးရန်လှုံ့ဆော်သည့်လုပ်ရပ် ဇီဝအကြမ်းဖက်မှုမြောက်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
August 1, 2021
ကာကွယ်ဆေးမထိုးရန်လှုံ့ဆော်သည့်လုပ်ရပ် ဇီဝအကြမ်းဖက်မှုမြောက်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
Donate to DVB

ကိုဗစ်ကာကွယ်ဆေး မထိုးကြဖို့ လူမှုကွန်ရက်ကနေ စည်းရုံးလှုံဆော် အဖျက်အမှောင့်တွေ ပြုလုပ်နေတာဟာ ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ်အသုံးပြုလာတဲ့  Bioterrorism   ဇီဝအကြမ်းဖက်မှုဖြစ်တယ်လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

စစ်တပ်က နိုင်ငံတော်အာဏာကို တရားသိမ်းယူခဲ့တဲ့  (၆) လပြည့် အထိမ်းအမှတ် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ ရက် ဒီနေ့ မနက်က နိုင်ငံပိုင် ရုပ်သံလိုင်းတွေ၊  မြန်မာ့အသံရေဒီယိုနဲ့  FM တွေက  ထုတ်လွှင့်ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ပြောသွားတာပါ။ 

ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ပတ်သက်လို့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အလေးထားမှုနဲ့ပတ်သက်ပြီး အဓိက လျော့နည်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ လူမှုကွန်ရက်ကနေ အဖျက်အမှောင့်တွေ၊ သတင်းမှားတွေ လှုံ့ဆောင်ရေးသားဖြန့်ဝေတာ တခုအပါအဝင်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 

“ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်းချက်တွေကို မလိုက်နာကြဖို့။ ကာကွယ်ဆေး မထိုးကြဖို့နဲ့ လူထုကြားမှာ အမျိုးမျိုးသော စိုးရိမ်မှုတွေဖြစ်ပေါ်လာအောင် ဆင်ခြင်တုံကင်းမဲ့စွာ အကြံပက်စက်စွာ စည်းရုံးလှုံ့ဆော်မှုတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းခြောက်တာဖြစ်သလို ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ်အသုံးပြုလာတဲ့ ဇီဝအကြမ်းဖက်တဲ့ Bioterrorism သဘောတရားပင်ဖြစ်ပါတယ်။ ဒီနည်းနဲ့ မိမိတို့ရဲ့ နိုင်ငံရေး လိုဘကို ဖြည့်ဆည်းခြင်းဟာ ဘာသာရေးအရဆိုရင်လည်း အင်မတန်အကျည်းတန်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ကျန်းမာရေး ပြဿနာတွေကတဆင့် နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာအောင် လမ်းကြောင်းပေးလှုံ့ဆော်နေတာဖြစ်တဲ့အတွက် လူမှုကွန်ရက်ပေါ်က အဖျက်မှောင့် လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်”။

လက်ရှိ ကိုဗစ်ရောဂါ တတိယလှိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေလည်း အကြီးအကျယ်ကူးစက်နှုူန်းမြင့်မားခဲ့ပြီး ဒေသတွင်း နိုင်ငံတွေမှာ ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန်ခံစားနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံအတွက်လည်း ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရသလို ဆေးရုံတွေဆေးခန်းတွမှာလည်း လူသားအရင်းအမြစ်ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ခေါင်းဆောင်က  ပြောသွားပါတယ်။ 

ဒါ့အပြင် အရေးပေါ်ကာလတာဝန်တွေပြီးတဲ့အခါ အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံ ကတိပြု ပြောပါတယ်။ 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့  ပါတီစုံဒီမိုကရေစီစနစ် အတွက်အာမခံပြီးဖြစ်ပါတယ်၊ အရေးပေါ်ကာလလုပ်ဆောင်ရမယ့် တာဝန်တွေပြီးဆုံးတဲ့အခါမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပါမယ်။ ကြိုတင်ပြင်ဆင်ရမှာ များစွာရှိပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ဒီမိုကရေစီနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကိုလိုလားတဲ့ မိဘပြည်သူအားလုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါ။” 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူနဲ့ အစိုးရ ပူးပေါင်းစွမ်းအားနဲ့ ရင်ဆိုင်ကျော်လွှားကြဖို့၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာရှိတယ်၊  အရေးကြီးပြီဖြစ်လို့ အားလုံးသွေးစည်းကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူပေါင်း ၂၉၉,၁၈၅ ယောက်ရှိလာပြီး  သေဆုံးသူ ၉,၃၃၄ ယောက်ရှိလာပြီလို့ စစ်ကောင်စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းကာလ ၆ လနီးပါးအကြာ  စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ အယောက်  ၁၀၀၀ နီးပါးရှိလာပြီး  လူ ၇၀၀၀ လောက်ဖမ်းဆီးခံရကာ တချို့ပြန်လွတ်လာပေမဲ့  လက်ရှိ ၅၄၄၂ ယောက်ကတော့ ဆက်လက် ချုပ်နှောင် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013