
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ပွဲရဲ့ အနာဂတ်အတွက် ခြေလျင်တပ်တွေနဲ့ပဲ အစုလိုက် အပြုံလိုက် စုဖွဲ့မှာမဟုတ်ဘဲ ဒရုန်းတွေ၊ စက်ရုပ်ခွေးတွေနဲ့ မောင်းသူမဲ့ မြေပြင်သုံးယာဉ် (UGV) တွေကိုပါ သုံးပြီး အခြေစိုက်စခန်းက မြို့ပြတိုက်ခိုက်ရေး အတွက် လေ့ကျင့်ရေးကွင်းကြီးတခုထဲမှာ လူသားစစ်သားတွေနဲ့အတူ လေ့ကျင့်နေပါတယ်။
မကြာသေးမီက လေ့ကျင့်မှုက PLA တပ်မတော်ရဲ့ ဉာဏ်ရည်ထက်မြက်တဲ့ လူမဲ့စနစ်တွေကို ရှုပ်ထွေးတဲ့ လမ်းတိုက်ပွဲအခြေအနေတွေမှာ အရှိန်မြှင့်တင် ပေါင်းစပ်နေတာကို ပြသထားပါတယ်။
ဒါဟာ ထိခိုက်ဒဏ်ရာရတာတွေကို အနည်းဆုံးဖြစ်အောင်နဲ့ တိုက်ပွဲထိရောက်မှုကို အမြင့်ဆုံးဖြစ်အောင် ရည်ရွယ်ထားတယ်လို့ တရုတ်အစိုးရ မီဒီယာ CCTV က ဖော်ပြပါတယ်။
အထပ်မြင့် မိုးမျှော်အဆောက်အအုံတွေ၊ ရှုပ်ထွေးနေတဲ့ လမ်းကြားတွေနဲ့ ဆူးကြိုးတွေ၊ ကွန်ကရစ် အတားအဆီးတွေနဲ့ ခံတပ်ဘန်ကာတွေ အပါအဝင် စစ်မြေပြင် အတားအဆီးတွေ ပါအောင် ဂရုတစိုက် တည်ဆောက်ထားတဲ့ မြို့ပြပုံစံတူတလျှောက်မှာ လေ့ကျင့်ခဲ့တာပါ။
ကောင်းကင်မှာ လက်နက်ကိုင် “အမဲလိုက်- သတ်ဖြတ်သူ” ဒရုန်းတွေက အစောင့်အကြပ်တွေကို ပံ့ပိုးပေးခဲ့ပြီး မြေပြင်ပေါ်မှာ စက်ရုပ် “ဝံပုလွေ” အုပ်စုတွေက ဘေးချင်းယှဉ်ပြီး စစ်ရေးလှုပ်ရှားခဲ့သလို နှိမ်နင်း ပစ်ခတ်ခဲ့ကြပါတယ်။
ခြေလျင်တပ်ရင်းတွေကလည်း အထောက်အကူပြု လူမဲ့ယာဉ်တွေနဲ့အတူ လှုပ်ရှားခဲ့ကြပြီး တင်းတင်းကျပ်ကျပ် ပေါင်းစပ်ထားတဲ့ တိုက်ခိုက်ရေးကွန်ရက်တခုကို ဖန်တီးခဲ့ကြပါတယ်။
လူပါ-လူမဲ့ ပေါင်းစပ်လေ့ကျင့်ရေးပုံစံဟာ စံလုပ်ထုံးလုပ်နည်းတခု ဖြစ်လာပြီး အနာဂတ် စစ်မြေပြင်ရဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်မှုကို အရှိန်မြှင့်တင်ပေးခဲ့တယ်လို့ ပါဝင်လေ့ကျင့်တဲ့ စစ်သားတွေက ပြောတဲ့အကြောင်း CCTV က ထုတ်ပြန်ပါတယ်။
Source: Reuters










