DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ်ပယ်ဖျက်သည့်လုပ်ရပ် တရားမျှတမှုမရှိဟု တိုင်းရင်းသားပါတီများတုံ့ပြန်
DVB
·
July 27, 2021
ရွေးကောက်ပွဲရလဒ်ပယ်ဖျက်သည့်လုပ်ရပ်   တရားမျှတမှုမရှိဟု တိုင်းရင်းသားပါတီများတုံ့ပြန်
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို  အာဏာသိမ်း စစ်ကောင်စီက ပယ်ဖျက်လိုက်တာဟာ လူထုဆန္ဒဖျက်ဆီးရာကျပြီး တရားမျှတတဲ့လုပ်ရပ်မဟုတ်ကြောင်းနဲ့ ဓမ္မဓိဋ္ဌာန်မကျဘူးလို တိုင်းရင်းသားပါတီတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလက ၈ ရက်က  ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲရလဒ်အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလိုပယ်ဖျက်လိုက်တာနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မှာ ကိုယ်စားလှယ် အရေအတွက် တတိယအများဆုံး အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမှားအယွင်းရှိပေမယ့် ရလဒ်ဟာ ပြည်သူအများစုရဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်တာဟာ လူထုဆန္ဒကိုဖျက်ဆီး ရာကျပြီး တရားမျှတတဲ့လုပ်ရပ်မဟုတ်ကြောင်း ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ မဲစာရင်းအမှားတွေ ရှိပင်ရှိခဲ့ငြားလည်း ရွေးကောက်ပွဲရလဒ်ဟာ အများစုသော ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်ဖော်ဆောင်တယ်လို့ ယုံကြည်ပါတယ်။ မဲဆန္ဒရှင်ပြည်သူလူထုဟာ မိမိတို့နှစ်သက်အားရတဲ့ ကိုယ်စားလှယ်လောင်းတွေ ကို လွတ်လွတ်လပ်လပ် ရွေးချယ်မဲပေးခဲ့တာမို့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို လူထုကိုယ်စားလှယ်အဖြစ် ကျနော်တို့ အသိအမှတ်ပြုထားပါတယ်။ ရွေးကောက်ပွဲကာလမှာ လူထုဆန္ဒကို လက်ခံအသိအမှတ်ပြုပါမယ်ပြောခဲ့ပြီး အခုကျမှ အကြောင်းပြချက်အမျိုးမျိုးပြပြီး ဖျက်လိုဖျက်ဆီး လုပ်တာဟာ တရားမျှတတဲ့လုပ်ရပ်လို့ မဆိုနိုင်ပါဘူး၊ မတရားမှုမှန်သမျှ ဘယ်သူဘယ်ဝါပဲ လုပ်လုပ် ကျနော်တို့ဆန့်ကျင်ပါတယ်”

နောက်တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNDP အထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီကလည်း ရွေးကောက်ပွဲတိုင်းမှာ မှားယွင်းမှုတွေရှိတတ်ပြီး  မှားယွင်းတဲ့ဒေသမှာသာ ပယ်ဖျက်သင့်ကြောင်း၊ အခုလိုတပြည်လုံးသိမ်းကြုံးပယ်ဖျက်တာကတော့ ဓမ္မဓိဋ္ဌာန်မကျဘူးလို့ ဆိုပါတယ်။ 

       “အဲဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်က ရှုထောင့်  ၂ ခုရှိပါလိမ့်မယ်၊ သူတို့ဘက်က ရှုထောင့်က တော့ သက်သေအထောက်အထားနဲ့ ပြထားတယ်။ ဒါကြောင့်ရလဒ်တစ်ခုလုံးကိုပယ်ဖျက်တယ်ပေါ့ နော်။ ဒီဘက်က ကျနော်တို့ အပယ်ဖျက်ခံရတဲ့ ရွေးကောက်ပွဲဝင်တဲ့ ပါတီများ ရှုထောင့်ကနေ ပြန်ကြည့်မယ်ဆိုရင်တော့ ပြည်သူကရိုးရိုးသားသားနဲ့ပေးကြတယ်၊ အနိုင်ရကြတယ်၊ တကယ်လို့များ မြို့နယ်အလိုက် အမှားအယွင်းလေးတွေရှိကောင်းရှိနိုင်တယ်။ အဲဒီမှာမြို့နယ်အလိုက်အရေးယူ ရင်တော့ အဲဒီမှာ ဓမ္မဓိဋ္ဌာန်ပိုကျမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ အခုဟာက တနိုင်ငံလုံးခြုံ ငုံပြီးတော့ အရေးယူလိုက်တဲ့သဘောဖြစ်သွားတယ်ပေါ့နော်။ မှားယွင်းမှုကတော့ ၂၀၁၀ မှာလည်း ရှိတာပဲ။ ၂၀၁၅ မှာလည်းရှိခဲ့တာပဲ။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်းအဲဒီစာရင်းတွေ အခြေခံ ထားတော့မှားမှာပဲ။ တပ်မတော်မဟုတ်ပဲလည်း ဘယ်သူပဲ လာစစ် လာစစ်အမှားအယွင်းတော့ရှိ မှာပဲ၊ သို့သော်လည်းပဲ အရေးယူမှုအပိုင်းမှာ ဓမ္မဓိဋ္ဌာန်မကျဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ချင်တယ် ”လို့ ပြောပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့ကြောင်း၊ မဲရုံတိုင်းမှာ မဲလက်မှတ်လျော့နည်းခြင်း၊ ပျောက်ဆုံးခြင်း၊ တရားမဝင်အပိုရှိခြင်းတွေရှိပြီး မှားယွင်းခဲ့တဲ့ တနိုင်ငံလုံး မဲဆန္ဒရှင် အရေအတွက်စုစုပေါင်း ၁၁၃၀၅၃၉၀ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွားကြောင်း ပြောဆိုတာဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လစ်လျူရှုစော်ကားတာ ဖြစ်သလို နိုင်ငံအနှံ့ တောင်းဆိုနေတဲ့ ပြည်သူဆန္ဒကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်၊

တရားမဝင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခန့်အပ်ပိုင်ခွင့် လုံးဝမရှိတဲ့အတွက် ကော်မရှင်သစ်ဟာလည်း တရားဝင်အဖွဲ့အစည်းမဟုတ်လို့ ဒီအဖွဲ့ကို ကိုယ်စားပြု ပြောဆိုတာ မှန်သမျှဟာလည်း တရားမဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့လည်း အန်အယ်လ်ဒီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013