DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း အခြေအနေများက လူမျိုးတုံးသတ်ဖြတ်ကြောင်း ပြသနေဟု ဒေါက်တာ ဆာဆာပြော
DVB
·
July 25, 2021
အင်းစိန်ထောင်တွင်း အခြေအနေများက လူမျိုးတုံးသတ်ဖြတ်ကြောင်း ပြသနေဟု ဒေါက်တာ ဆာဆာပြော
Donate to DVB

အင်းစိန်ထောင်တွင်းက စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေက လူမျိုးတုံးသတ်ဖြတ်နေတဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်ရဲ့ အကြင်နာမဲ့ ရက်စက်မှုတွေကို တဖန်ပြန်လည် ပြသနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်ဗဟို အကျဉ်းထောင်မှာ ထောင်တွင်းဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက် အကြမ်းဖက်စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် အကျဉ်းသား အယောက် ၂၀ လောက် သေဆုံးသွားတယ်လို့  သိရပါတယ်။

ဇူလိုင် ၂၃ ရက်မနက်ပိုင်းက အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေ များနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှုတွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှု များလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင် အမျိုး သမီးဆောင်ကနေ စတင်ပြီး နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကမ္ဘာတဝှမ်းလုံးဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးက ကာကွယ်နိုင်ဖို့အတွက် အပြင်းအထန် တိုက်ခိုက်နေရချိန်မှာ ရှုံးနိမ့်နေပြီဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်က ကမ္ဘာတဝှမ်းလုံးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆန့်ကျင်စွာ ပြုမူနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်တွေကတဆင့်၊ ကမ္ဘာတဝှမ်း ရောဂါကူး စက်ပျံ့နှံ့မှုတွေ မဖြစ်ပွားမီ ဆောလျင်စွာ အချိန်မလင့်နောက်မကျခင် တားဆီးထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ ထားရှိတဲ့ အကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းတွေ မြင့်တက်နေပြီး  ကမ္ဘာတဝှမ်းလုံး အရှိန်အဟုန်နဲ့ ကူးစက်ပြန့်ပွားနေတဲ့ မထိန်းချုပ် နိုင်သေးတဲ့ မျိုးဗီဇပြောင်းဒယ်လ်တာမျိုးကွဲ တတိယလှိုင်းကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ အတူတကွပူးပေါင်းပြီး ညီညီညွတ်ညွတ် တိုက်ထုတ်ကြရမယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒါ့ပေမယ့် မြေပြင်အခြေအနေမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်သုသာန်တွေမှာ နေ့စဉ် ရုပ်အလောင်း ၁၀၀၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013