DVB Logo
Home
Lead Story
ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာဘာလဲ
DVB
·
July 23, 2021
ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာဘာလဲ
Donate to DVB

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာဘာလဲ။

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ဆိုတာကတော့ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂသံအမတ်)နဲ့ သံဝန်ထမ်းတွေအပြင် နိုင်ငံက တာဝန်ပေးစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေကို တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တရားဝင်အသိအမှတ်ပြုတာကို ဆိုလိုတာပါ။ 

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်က ဘာကြောင့်အရေးကြီးတာလဲ။

အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသိအမှတ်ပြုခြင်းဟာ စေလွှတ်တဲ့အစိုးရကို အသိအမှတ်ပြုတဲ့သဘောမျိုးဖြစ်ပါတယ်။ စေလွှတ်တဲ့အစိုးရကို တရားဝင် အသိအမှတ်ပြုရာရောက်တဲ့အတွက် နိုင်ငံတကာမှာ တရားဝင်မှုရရှိသွားတဲ့သဘောပါ။ နောက်ပြီးတော့ အခုလိုအသိအမှတ်ပြုလိုက်တဲ့အတွက် ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေ ညီလာခံတွေမှာ တရားဝင် တက်ရောက်ခွင့်နဲ့ တရားဝင်ပြောရေးဆိုခွင့်ရရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်မဲပေးဆုံးဖြတ်ပိုင်ခွင့်လည်း ရှိလာပါတယ်။ ကုလသမဂ္ဂအတွင်း ဆွေးနွေးချမှတ်လေ့ရှိတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပါဝင်နိုင်ခွင့်ရတဲ့အခြေအနေပါ။ ဒါ့အပြင် တခြားနိုင်ငံက အစိုးရတွေနဲ့ ကုလသမဂ္ဂဌာနတွေကို တရားဝင်ဆက်သွယ်ပြောဆိုခွင့်ရလာပါတယ်။ မိမိပြောဆိုလိုတဲ့အကြောင်းအရာတွေကို တင်ပြပြောဆိုနိုင်ပြီး အပြန်အလှန်ဆွေး‌နွေးနိုင်ပါတယ်။ 

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ကို ဘယ်လို တင်သွင်းရပါသလဲ။

နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအ‌ဝေးမစခင်မှာ နိုင်ငံတိုင်းရဲ့ နိုင်ငံကိုယ်စားပြုခွင့်အတွက် အမည်စာရင်းတင်သွင်းဖို့ တောင်းခံတဲ့စာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကနေ နိုင်ငံအစိုးရဆီကို ပေးပို့ပါတယ်။ ဒီလိုတောင်းခံစာကို လက်ခံရရှိတဲ့အခါမှာ Letter of Credentials လို့ခေါ်တဲ့  ပုံစံမှာ နိုင်ငံအစိုးရက ခန့်အပ်လိုက်တဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ အဓိကသံရုံး၀န်ထမ်းတွေရဲ့ အမည်တွေဖြည့်စွက်ပြီး  နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) ထံ ပြန်ပေးပို့ရပါတယ်။ အခုလို တင်သွင်းလိုက်တဲ့ အမည်စာရင်းကို ကော်မတီကလက်ခံလိုက်ရင် ဒီအမည်စာရင်းပါ ပုဂ္ဂိုလ်တွေဟာ ကုလသမဂ္ဂမှာ တနှစ်တာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း အခုလိုဘဲ လုပ်ဆောင်သွားလေ့ ရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကနေ ဘယ်အချိန်မှာ စာပို့လေ့ရှိပါသလဲ။ 

ကုလသမဂ္ဂအထွေထွေညီလာခံမကျင်းပမီ ပေးပို့လေ့ရှိတဲ့အတွက် ပုံမှန် စက်တင်ဘာလအတွင်း ဖြစ်ပါတယ်။ 

အစိုးရကိုယ်စားပြုမယ့်သူတွေစာရင်းကို အစိုးရဘက်ကနေ ဘယ်သူက တာဝန်ခံပေးပို့ရပါသလဲ။

ပြန်လည်ပေးပို့လိုက်တဲ့အမည်စာရင်းဟာ ခိုင်မာမှုရှိတာကို သက်သေခံနိုင်ဖို့အတွက် တာဝန်ခံတဦးရဲ့ လက်မှတ်ရေးထိုးပေးပြီးမှ ပို့ရမှာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပေးပို့တဲ့သူဟာ နိုင်ငံခြားရေးရာ၀န်ကြီး သို့မဟုတ် နိုင်ငံခေါင်းဆောင် (Head of State) သို့မဟုတ် အစိုးရခေါင်းဆောင် (Head of Government)  ဖြစ်ရပါမယ်။ နိုင်ငံခြားရေးရာ၀န်ကြီး၊ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရခေါင်းဆောင်တို့ထံကနေ မူရင်းလက်မှတ်ထိုးစာမရနိုင်သေးရင် နိုင်ငံခြားရေးရာ၀န်ကြီးက လုပ်ပိုင်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတဦးကဖြစ်စေ၊ နိုင်ငံခေါင်းဆောင်၊ အစိုးရခေါင်းဆောင်တို့က တာ၀န်ပေးအပ်ထားတဲ့ သံအမတ်ကဖြစ်စေ ကိုယ်စားလက်မှတ်ရေးထိုးပေးနိုင်ပါတယ်။ 

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) မှာ ဘယ်သူတွေ ပါသလဲ။ 

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီဆိုတာဟာ နိုင်ငံတွေက တင်သွင်းလာတဲ့ ကိုယ်စားလှယ်စာရင်းတွေကို စစ်ဆေးကြည့်ရှူတဲ့ ကော်မတီဖြစ်သလို တင်သွင်းလာမှုနဲ့ပတ်သက်ပြီး အထွေထွေညီလာခံထံ အကြံပြုချက်တွေတင်သွင်းပေးရပါတယ်။  နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီမှာ အဖွဲ့ဝင်နိုင်ငံ (၉) နိုင်ငံပါဝင်ပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံရှိပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံကတော့ ရုရှ၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပြီး ကျန်တဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံကိုတော့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းရေးရာဌာနနဲ့ ကုလသမဂ္ဂဥပဒေရေးရာဌာနရုံးတို့က နှစ်စဥ်နှစ်တိုင်း ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ အလှည့်ကျ (၆) နိုင်ငံကို ကြားနေအုပ်စုဝင်နိုင်ငံတွေက ရွေးချယ်တင်မြှောက်လေ့ရှိလို့ များသောအားဖြင့် ကျွန်းနိုင်ငံတွေနဲ့ နိုင်ငံငယ်လေးတွေ ဖြစ်တတ်ပါတယ်။

အလှည့်ကျနိုင်ငံ ရွေးချယ်မှုကို အထူးလျှို့ဝှက်ထားလေ့ရှိပြီး ရွေးချယ်ခံရတဲ့နိုင်ငံတွေရဲ့အမည်စာရင်းကို စက်တင်ဘာလအစည်းအဝေးမတိုင်ခင် ရက်အနည်းငယ်ကျမှသာ အထွေထွေညီလာခံဥက္ကဋ္ဌထံကို ပေးလေ့ရှိပါတယ်။ အထွေထွေညီလာခံဥက္ကဋ္ဌက တနှစ်အတွက် တာဝန်ပေးခံရတဲ့ကော်မတီဝင်အမည်စာရင်းကို  အတည်ပြုပေးရပါတယ်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ (၃) နိုင်ငံရှိပေမဲ့ လုံခြုံရေးကောင်စီမှာ ပေးထားတဲ့ ဗီတိုအာဏာမရှိပါဘူး။ တခုခုနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ရင် တနိုင်ငံ တမဲသာပေးရပြီး မဲအနည်းအများနဲ့ ဆုံးဖြတ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ ထူးထူးခြားခြားမရှိတဲ့ သာမန်အခြေအနေမျိုးနဲ့နိုင်ငံတွေမှာ ဒီလုပ်ငန်းစဥ်က သမားရိုးကျပုံစံမျိုးပါပဲ။ သာမန်အခြေအနေမျိုးမှာ တင်သွင်းလာတဲ့စာရင်းကို လက်ခံလေ့ရှိပေမဲ့ နိုင်ငံကိုယ်စားလှယ်စာရင်းကို တင်သွင်းတဲ့အစိုးရက တခုထက်ပိုလာရင် ဘယ်ကိုယ်စားလှယ်စာရင်းကို အသိအမှတ်ပြုလက်ခံမလဲဆိုတာ ဆုံးဖြတ်ဖို့ လိုလာပါပြီ။ 

တကယ်လို့ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီကို ကိုယ်စားလှယ်တင်သွင်းတဲ့စာရင်းက တခုထက်ပိုလာရင် ဘယ်လိုလုပ်မလဲ။ 

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီရဲ့တာဝန်ဟာ အဆိုပြုတင်သွင်းလာတဲ့အမည်စာရင်းတွေကို လေ့လာဖတ်ရှုပြီး ပြဿနာရှိမရှိ အငြင်းပွားဖွယ်ရာရှိမရှိတို့ကို ထည့်သွင်းစဥ်းစားရပါတယ်။ တင်သွင်းမှုဟာ သမားရိုးကျမဟုတ်ဘဲ နှစ်ခုဖြစ်လာတာမျိုးလို ဒါမှမဟုတ် တင်သွင်းလာမှုနဲ့ ပတ်သက်ပြီး  သင့်လျော်တဲ့အရည်အချင်းရှိမရှိကို ဆန်းစစ်စရာရှိလာတာမျိုးဆိုရင်တော့ သာမန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဖို့လို့လာပါပြီ။ 

တကယ်လို့ တရားဝင်ကိုယ်စားပြုမှုကို တင်သွင်းလာတဲ့ကိုယ်စားလှယ်စာရင်းက တခုထက်ပိုလာပြီဆိုရင် (ဥပမာ- အာဏာသိမ်းခံရတဲ့အစိုးရနဲ့ အာဏာသိမ်းအစိုးရ၊ ရွေးကောက်ခံအစိုးရနဲ့ အာဏာသိမ်း စစ်တပ်၊ ပြည်တွင်းအစိုးရနဲ့ အဝေးရောက်အစိုးရ စသည်ဖြင့်) လုပ်ဆောင်မှုကတော့ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကော်မတီအတွင်းမှာပဲ ဆုံးဖြတ်ချက်ချမှတ်ပြီး ဆုံးဖြတ်တာပါ။  လိုအပ်ရင် မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ 

သက်ဆိုင်ရာနိုင်ငံရဲ့ကိုယ်စားပြုခွင့်နဲ့ပတ်သက်တဲ့ ကော်မတီရဲ့ဆုံးဖြတ်ချက်ကို ကော်မတီရဲ့အစီရင်ခံစာအဖြစ် အထွေထွေညီလာခံထံ ပေးပို့ပါတယ်။ အထွေထွေညီလာခံက ကော်မတီကနေ တင်သွင်းလာတဲ့အစီရင်ခံစာမှာပါတဲ့ဆုံးဖြတ်ချက်ကို လက်ခံမခံ ထပ်ပြီးဆွေးနွေးပါတယ်။ လက်ခံတယ်ဆိုရင် အတည်ပြုတာသက်သက်ဖြစ်ပေမဲ့ တကယ်လို့ ကော်မတီက တင်သွင်းလာခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း သဘောမတူရင်‌တော့ ပြောင်းလဲဖို့အတွက် နိုင်ငံတွေအားလုံးက မဲခွဲဆုံးဖြတ်ပါတယ်။ မဲများတဲ့ဘက်က အဆိုကို အတည်ပြုပါတယ်။ 

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးဖြစ်လာနိုင်ပါသလဲ။ 

မြန်မာနိုင်ငံအတွက် အခြေအနေအနေအထား (၃) မျိုးရှိနိုင်ပါတယ်။ 

(၁) အမျိုးသားညီညွတ်ရေးအစိုးရက တင်သွင်းမှုကို လက်ခံခြင်း

(၂) စစ်ကောင်စီဘက်ကတင်သွင်းလာမှုကို လက်ခံခြင်း

(၃) ဥပဒေသ ၂၉ အရ deferral of consideration ဟုခေါ်သည့် ထည့်သွင်းစဥ်းစားချက်အား ဆိုင်းငံ့ထားခြင်း၊ (အနေအထားများအားလုံးကို အချိန်အတိုင်းအတာတခုအထိ သုံးသပ်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့်အချိန်အထိ လက်ရှိအမြဲတမ်းကိုယ်စားလှယ်ကို ဆက်လက်တာဝန်ခန့်အပ်ထားခြင်း) 

ဒီတော့ ဘာတွေလုပ်နိုင်မလဲ။

ဗျူဟာတွေကို  အသေးစိတ်မရေးပြတော့ပါဘူး။ အကြမ်းအားဖြင့်

-အကြမ်းဖက်စစ်ကောင်စီဟာ အစိုးရမဟုတ်ကြောင်း ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ပါ။

-အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုကျုးလွန်မှုတွေဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ စုဆောင်းပါ။ တင်ပြဖို့ပြင်ဆင်ပါ။

-ကုလသမဂ္ဂတာဝန်ရှိသူတွေဖြစ်တဲ့ ၂၀၂၁ ခုနှစ် လုံခြုံရေးကောင်စီဥက္ကဋ္ဌနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ၊ အထွေထွေညီလာခံဥက္ကဋ္ဌနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ၊ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ၊ လူ့အခွင့်အ‌ရေးဆိုင်ရာမဟာမင်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိတွေဆီ သတင်းအချက်အလက်တွေ ပေးပို့ပြီး စစ်ကောင်စီကို အသိအမှတ်မပြုဖို့  တိုက်တွန်းပါ။

-အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုထောက်ခံကြောင်းလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ပါ။ လက်မှတ်ရေးထိုးပေးခြင်း၊ လူထုစုဝေးပွဲတွေ ကျင်းပခြင်းစတဲ့ နည်းလမ်းအမျိုးမျိုးကို နိုင်ငံတကာတွင် လုပ်ဆောင်ပါ။

-မိမိရောက်ရှိနေတဲ့နိုင်ငံရဲ့ အကြီးအကဲတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်အောင်စီစဥ်ပြီး ကုလသမဂ္ဂမှာ အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံအောင်နဲ့ တခြားနိုင်ငံတွေကလည်း  မထောက်ခံအောင် စည်းရုံးလှုံ့ဆော်လာအောင် တောင်းဆိုပါ။

- ထင်ရှားပြီး လူသိများတဲ့ လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံခေါင်းဆောင်ဟောင်းတွေကို ချဥ်းကပ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်ကျုးလွန်နေမှုတွေအပေါ် ပြင်းထန်စွာရူတ်ချပြီး မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီကာကွယ်ပေးဖို့အတွက် တိုက်တွန်းလာအောင် လုပ်ဆောင်ပါ။

- သတင်းမီဒီယာတွေကတဆင့် သတင်းစကားတွေပြောပေးတာနဲ့ တိုက်တွန်းနှိုးဆော်တာတွေကို လုပ်ဆောင်ပါ။

အောင်မျိုးမင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013