DVB Logo
Home
Lead Story
R2P (Responsibility to Protect) အကြောင်း သိကောင်းစရာ
DVB
·
March 7, 2021
R2P (Responsibility to Protect) အကြောင်း သိကောင်းစရာ
Donate to DVB

R2P (Responsibility to Protect) ဆိုတာ ဘာလဲ၊ အကာအကွယ်ပေးရန် တာဝန်ရှိမှုလို့ အဓိပ္ပာယ်ပြန်နိုင်ပါတယ်။လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးစု သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂကမ္ဘာ့ထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒ ဖြစ်ပါတယ်။

R2P ဟာ နိုင်ငံတကာဥပဒေတခုမဟုတ်ပါဘူး။ နိုင်ငံတကာစာချုပ်တခုလည်း မဟုတ်တဲ့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဥပဒေစည်း‌‌နှောင်မှုမျိုးလည်း မရှိပါဘူး။ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေမဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ သဘောတူထားတဲ့ နိုင်ငံရေးမူတခုပဲ ဖြစ်ပါတယ်။ 

ဘယ်လိုကျူးလွန်မှုတွေကိုဆို R2P နဲ့ အကျုံးဝင်သလဲ

နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု (၄) မျိုး ကျူးလွန်နေတာကနေ မကာကွယ်ပေးနိုင်ရင် R2P နဲ့ အကျုံးဝင်ပါပြီ။ 

(၁) လူမျိုးတုံး သတ်ဖြတ်မှု (Genocides) - လူမျိုး၊ ဘာသာဝင်တခုကို ဦးတည်ကျူးလွန်တာ

(၂) စစ်ရာဇဝတ်မှု (War Crimes) - စစ်ပွဲကာလအတွင်း ကျူးလွန်တာ

(၃) လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Humanity) အရပ်သားများအပေါ် ဆိုးဆိုးဝါးဝါးကျူးလွန်တာနဲ့ 

(၄) လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) လူမျိုးစုတစုကို ဦးတည်ကျူးလွန်တာတို့ဖြစ်ပါတယ်။ 

ဘာကြောင့် R2P အယူအဆပေါ်လာတာလဲ

၁၉၉၀ ကျော်ကာလကအဖြစ်အပျက်တွေကို အခြေခံပြီးဖြစ်ပေါ်လာတာပါ။ ကိုဆိုဗိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်းအရေးယူဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝင်သင့်၊ မဝင်သင့် ငြင်းခုံရင်း အချိန်တွေကြာခဲ့ပါတယ်။

နေတိုး (NATO) ကတော့ စစ်အင်အားသုံးပြီး ဝင်ရောက်ဖြေရှင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကနေ ဝင်ရောက်ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး “နိုင်ငံရဲ့ အချုပ်အခြာအာဏာ” ဆိုတဲ့ အဓိပ္ပါယ်ကို မေးခွန်းထုတ်လာတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးအောက်မှာ ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာကို လက်ပိုက်ကြည့်မနေသင့်ဘူးဆိုတဲ့ အယူအဆဖြစ်လာတယ်။ ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာတော့ R2P ဟာ တက်ရောက်လာတဲ့နိုင်ငံတွေအားလုံးက  သဘောတူခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒဖြစ်ပါတယ်။ 

ကမ္ဘာ့ထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ထဲမှာ ရာဇဝတ်အမျိုးအစား (၄) မျိုးကို ကျူးလွန်တာဖြစ်ရမယ်။ ဘယ်လိုမျိုးဝင်ရောက်ဖြေရှင်းမှုမျိုးဆိုတာကို မဖော်ပြထားဘူး။ လုံခြုံရေးကောင်စီတခုတည်းကသာ ဝင်ရောက်ဖြေရှင်းမှုကို ခွင့်ပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ 

R2P မှာ ဘယ်လို မဏ္ဏိုင်တွေရှိလဲ

ပထမဆုံးကတော့ နိုင်ငံတိုင်းဟာ သူနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေကို သတ်မှတ်ထားတဲ့ ရာဇဝတ်မှု ၄ မျိုးကနေ ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်ဆိုတဲ့အချက်ပါပဲ။ ဒုတိယကတော့ သက်ဆိုင်ရာ နိုင်ငံကနေ  ဒီလိုကာကွယ်ပေးရမယ့် တာဝန်တွေထမ်းဆောင်နိုင်ဖို့ နိုင်ငံတကာကနေ အားပေးရမယ်၊ ကူညီပေးရမယ်။ တတိယကတော့ တကယ်လို့ သက်ဆိုင်ရာနိုင်ငံအနေနဲ့ ကာကွယ်ပေးဖို့ ပျက်ကွက်ပြီဆိုရင် နိုင်ငံတကာကနေ သင့်လျော်တဲ့လုပ်ဆောင်မှုကို စုပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ရမယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂပဋိညာဉ် (UN Charter)နဲ့ ကိုက်ညီရမှာဖြစ်ပြီး  အချိန်ကိုက်နဲ့ အထိရောက်ဆုံး အခြေအနေမျိုးဖြစ်ရမယ်။ ဒါပေမဲ့ ဒီမူဝါဒတွေကို ဘယ်လိုအချိန်ကာလမျိုး သို့မဟုတ် ဘယ်လိုအခြေ အနေမျိုးနဲ့ တိုင်းတာလုပ်ဆောင်ရမလဲ ဆိုတာကိုတော့ တိတိကျကျမဖော်ပြထားပါဘူး။

ဆိုလိုတာကတော့ ကိုယ့်ပြည်သူတွေကို ကာကွယ်ဖို့က ကိုယ့်အစိုးရရဲ့တာဝန်ပဲဖြစ်တယ်။ သက်ဆိုင်ရာအစိုးရက ကာကွယ်ပေးနိုင်အောင် နိုင်ငံတကာက ကူညီအားပေးရမယ်။ သက်ဆိုင်ရာ အစိုးရကနေ နောက်ဆုံးဘယ်လိုမှမကာကွယ်ပေးတော့မှသာ အချိန်ကိုက် လုပ်‌ဆောင်ရမယ်လို့ ဆိုပါတယ်။ 

ဒါဆိုရင် R2P ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ

အချက် (၂) ချက်လိုပါတယ်။ ပထမအချက်ကတော့ ရာဇဝတ်မှု (၄) မျိုးကျူးလွန်နေတာကို သက်ဆိုင်ရာအစိုးရက မကာကွယ်ပေးနိုင်တော့တဲ့အခါ သို့မဟုတ် မကာကွယ်ပေးလိုတဲ့အခါ ဥပမာ အစိုးရကိုယ်တိုင်က ကျူးလွန်နေတဲ့အခါ R2P ကို စတင်စဉ်းစားလာပါပြီ။ ဒုတိယအချက်ကတော့ တခြားနည်းလမ်းနဲ့ ဖြေရှင်းခဲ့ပေမဲ့ အောင်မြင်မှုမရရှိနိုင်တော့တဲ့ နောက်ဆုံး အခြေအနေမျိုးမှသာ ဝင်ရောက်ဖြေရှင်းလို့ရပါတယ်။

ဒါကြောင့် အကျုံးဝင်တဲ့ ရာဇဝတ်မှု ၄ မျိုးဖြစ်ကြောင်း ခိုင်မာဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အစိုးရက ကာကွယ်နိုင်စွမ်းမရှိတော့တာ သို့မဟုတ် သူကိုယ်တိုင်ချိုးဖောက်နေတဲ့အကြောင်း သက်သေထင်ရှားဖို့လိုပါတယ်။ တခြားသော နည်းလမ်းတွေသုံးပြီး ရပ်တန့်အောင် ကြိုးစားပေမဲ့ မကာကွယ်ပေးနိုင်တာကို ပြသဖို့လိုပါတယ်။

R2P ဆိုတာ စစ်ရေးအရအရေးယူတာမျိုးသက်သက်လား

မဟုတ်ပါဘူး။ စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်တာက နောက်ဆုံးနည်းဖြစ်လေ့ရှိပါတယ်။ တကယ်တော့ R2P လုပ်ငန်းစဉ်တွေထဲမှာ သံတမန်နည်းအရညှိနှိုင်းတာ၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာ၊ စီးပွားရေးပိတ်ဆို့တာ အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂပဋိညာဉ်အရ ငြိမ်းချမ်းရေး ပျက်စီးရန်အန္တရာယ်ရှိရင် သို့မဟုတ် ငြိမ်းချမ်းရေးကို ဖောက်ဖျက်ရင် သို့မဟုတ် ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်တဲ့ လုပ်ရပ်ကိုလုပ်လာခဲ့ရင် ကုလသမဂ္ဂပဋိညာဉ်ရဲ့ အခန်း ၇ အရလုံခြုံရေးကောင်စီကို အာဏာလွှဲအပ်နိုင်ပါတယ်။ လုံခြုံရေးကောင်စီကို အာဏာလွှဲပြီဆိုရင်တော့  စစ်ရေးအရ သို့မဟုတ် စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးကို လုပ်ဆောင်ခွင့်ရှိလာပါတယ်။ 

R2Pကို ဘယ်နိုင်ငံတွေမှာ သုံးခဲ့ပါသလဲ

ကုလသမဂ္ဂလုံခြုံရေးကောင်စီက R2P ဝင်ရောက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့နိုင်ငံတွေကတော့ လစ်ဗျား၊ အိုင်ဗရီကို့စ်၊ မာလီ၊ ဆူဒန်နဲ့  တောင်ဆူဒန်၊ ယီမင်နိုင်ငံတို့ဖြစ်ပါတယ်။ 

R2P နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိခဲ့ပါသလား

ဝင်‌ရောက်ဆောင်ရွက်ဖို့နဲ့ပတ်သက်ပြီး ဝင်သင့်မဝင်သင့်ဆွေးနွေးတဲ့အခါတိုင်း တချို့နိုင်ငံတွေက “နိုင်ငံတော်အချုပ်အခြာ” ဆိုတဲ့အချက်နဲ့ ကန့်ကွက်လေ့ရှိပါတယ်။ ဒီလိုမျိုးကန့်ကွက်တာကြောင့် ဆုံးဖြတ်ချက်ချရာမှာ အချိန်တွေကြာမြင့်တတ်သလို အ‌ရေးယူဆောင်ရွက်လုပ်ငန်း လုပ်လို့မရတာမျိုးတွေ ရှိပါတယ်။ 

မြန်မာအခြေအနေနဲ့ R2P လာနိုင်မလား

R2P အကြောင်းသိကောင်းစရာကို ရေးပြီးတဲ့အခါမှာ မြန်မာပြည်ရှိအခြေအနေနဲ့ သုံးသပ်ပြပါလို့ ပြောလာလို့ လေ့လာသုံးသပ်ကြည့်မိပါတယ်။

ပထမဦးဆုံး R2P အတွက် အကျုံးဝင်တဲ့ ရာဇဝတ်မှု (၄) မျိုးနဲ့ ချိန်ထိုးကြည့်ရအောင်။

မြန်မာနိုင်ငံက စစ်တပ်ဟာ ဒီရာဇဝတ်မှုတွေနဲ့ နောက်ကြောင်းကင်းပါလား

မကင်းပါဘူး။ ကုလသမဂ္ဂမှာ လူ့အခွင့်အ‌ရေးအကြောင်းကြားနာစစ်ဆေးတိုင်း လူ့အခွင့်အရေးချိုးဖောက်တဲ့အမည်စာရင်းမှာ ထိပ်ဆုံးက ပါခဲ့တာ ၁၉၉၁ ခုနှစ်အတည်းကပါ။ ဒါကြောင့် ကုလသမဂ္ဂရဲ့အထူးလုပ်ထုံးလုပ်နည်း (Special Procedure) မှာထည့်သွင်းခံထားရပြီး စာရင်းထဲမှာ ကာလအကြာဆုံးသွင်းခံရတဲ့ သမိုင်းဝင်နိုင်ငံလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီမှာရော အထွေထွေညီလာခံမှာရော နှစ်စဉ်နှစ်တိုင်း  အထူးအစည်းအဝေးခေါ်ပြီး  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ‌ရေးအကြောင်းကို တင်ပြဆွေး‌‌နွေးခံရရုံသာမက နှစ်တိုင်း ဆုံးဖြတ်ချက်တွေ ချမှတ်ခံရနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ်ပြင်းထန်တဲ့ လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) မှာ တရားရင်ဆိုင်နေရဆဲဖြစ်သလို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (International Criminal Court - ICC) မှာလည်း နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်လို့ ခုံရုံးတင်နိုင်ဖို့ ကြိုးပမ်းနေတာတွေရှိပါတယ်။

R2P မှာ အကျုံးဝင်တဲ့ ရာဇဝတ်မှု (၄) မျိုးတွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocides)၊ စစ်ရာဇဝတ်မှု (War Crimes) လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Humanity) နဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ဆိုတဲ့အမျိုးအစား (၄) မျိုးထဲက ပထမသုံးမျိုးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ်လို့ စွပ်စွဲခံနေရပြီးသားပါ။ သက်သေအထောက်အထားများစွာကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ 

အခုလိုနိုင်ငံတကာရာဇဝတ်မှုတွေကို စစ်တပ်က ချိုးဖောက်နေတာကို အချက်အလက်စုဆောင်းနေတဲ့ မြန်မာနိုင်ငံအချက်အလက်စုံစမ်းရေး ယန္တယား (IIMM) ကလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို သူတို့ရဲ့ အချက်အလက်စုံစမ်းနိုင်မှုဘောင်နဲ့ အကျုံးဝင်ပြီး စုဆောင်းစုံစမ်းသွားမယ်လို့လည်း  ကြေညာထားပြီးသားဖြစ်ပါတတယ်။

အခုလိုကျူးလွန်နေတဲ့ လုပ်ရပ်တွေက R2Pက သတ်မှတ်ထားတဲ့ ရာဇဝတ်မှုမြောက်ပါသလား

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှုတွေဟာ စစ်ပွဲအတွင်း ကျူးလွန်တာမဟုတ်လို့ စစ်ရာဇဝတ်မှုလို့ ပြောရခက်ပါတယ်။ လူမျိုးနွယ်လူအုပ်စုတစုကို ဦးတည်ပြီး ပစ်မှတ်ထားလုပ်ဆောင်တာမဟုတ်လို့ လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်လို့မရပါဘူး။ 

ဒါပေမဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတာ၊ သတ်ဖြတ်တာတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုတခုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity)  မြောက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိဟောင်း ရန်ဟီးလီနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သော်မတ်စ်အန်ဒရူးတို့နှစ်ယောက်လုံးက အခုလိုလုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အတိအလင်းပြောကြားထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် R2P နဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုမြောက်နေပါပြီ။

R2P ဟာ တခြားနည်းလမ်းတွေနဲ့ကြိုးပမ်းပြီး မစွမ်းဆောင်နိုင်မှ လုပ်ဆောင်ရတဲ့ နောက်ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဆီလျော်ရဲ့လား

ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းမှုနဲ့ အတူ ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့အပေါ်နဲ့  ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုအပေါ် စိုးရိမ်ကြောင်းနဲ့ ရူတ်ချကြောင်း ကြေညာပြောဆိုချက်တွေဟာ နိုင်ငံတကာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က စိုးရိမ်မှုတွေ ဖော်ပြခဲ့ပါတယ်။ လုံခြုံရေးကောင်စီမှာရော လူ့အခွင့်အ‌ရေးကောင်စီမှာပါ မြန်မာနိုင်ငံအတွက် အရေးပေါ်အစည်းအဝေးတွေခေါ်ပြီး အကြမ်းဖက်မှုတွေ ရပ်တံ့ဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတွေကလည်း စုပေါင်းပြီး အာဏာသိမ်းမှုတွေ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ပြစ်တင်ဝေဖန်ကြပါတယ်။ နိုင်ငံအလိုက် အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပေမဲ့ အကြမ်းဖက်နှိမ်နှင်းမှု သတ်ဖြတ်မှု ဖမ်းဆီးမှုတွေက တနေ့ထက်တနေ့ ပိုများလာပါတယ်။ ညအချိန်ကာဖျူးထုတ်ပြီး ဖမ်းဆီးရာကနေ နေ့အချိန်အိမ်ထဲဝင်ပြီး ဖမ်းဆီးမှုတွေ များလာခဲ့တယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မနဲ့ သတင်းသမားတွေကိုလည်းဖမ်း၊ ကင်းစောင့်လည်းဖမ်း၊ သံပုံးတီးလည်း ဖမ်းဆီးခံနေရတဲ့အခြေအနေထိ ဆိုးလာပါပြီ။ တခြားသော သံတမန်နည်းတွေကနေ တဆင့်တိုးဖို့ လိုအပ်နေတဲ့အချိန်ပါ။

R2Pကို ခေါ်တဲ့ ဒေါက်တာဆာဆာရဲ့ တောင်းဆိုချက်က တရားဝင်မှုရှိရဲ့လား

စစ်ကောင်စီကို အခုအချိန်အထိ ကုလသမဂ္ဂမှာ အသိအမှတ်မပြုသေးပါဘူး။ ပြည်သူဘက်က ရပ်တည်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုနေဆဲဖြစ်ပါတယ်။ သူကလည်း ဆက်လက်တာဝန်ထမ်း‌ဆောင်နေသလို ဒေါက်တာဆာဆာနဲ့အတူ တချို့နိုင်ငံကြီးတွေက လက်ခံတွေ့ဆုံနေပါတယ်။ ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုခြင်းဟာ စစ်ကောင်စီကို လက်မခံခြင်းပါ။ တဖက်ကလည်း  CRPHက စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်‌ ကြေညာထားတဲ့အတွက် သူတို့ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက တားဆီးဖို့ အခွင့်သာနေပါပြီ။ အဓိကကတော့ ပြည်သူတွေက CRPHကို ထောက်ခံမှုပိုပြသပြီး R2P ကို တောင်းဆိုကြောင်း သက်သေပြဖို့ လိုပါတယ်။

စိန်ခေါ်မှုက ဘာရှိနိုင်လဲ

လုံခြုံရေးကောင်စီကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ဗီတိုကိုကိုင်ပြီး သုံးဖို့ စောင့်နေတဲ့ တရုတ်နဲ့ အပေါင်းပါတွေရယ် ရုရှားရယ်က အဓိကအတားအဆီးဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံအကြောင်းကို လုံခြုံရေးကောင်စီမှာဆွေး‌နွေးတိုင်း စကားလုံးမပြင်းထန်ဖို့ အရေးယူဆောင်ရွက်တာတွေမပေါ်အောင် အမြဲတမ်း ကာကွယ်တဲ့နိုင်ငံဖြစ်ပါတယ်။  အခုနောက်ပိုင်းမှာ အရင်ကလောက်ပြင်းပြင်းထန်ထန် ပိတ်ပင်ဟန့်တားတာမျိုးမရှိတော့ပေမဲ့ မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ဖို့လောက်အထိတော့ အာသီသရှိမှာမဟုတ်ပါဘူး။

ဒီတော့ ဘာတွေလုပ်နိုင်မလဲ

မလွယ်ကူတာမှန်ပေမဲ့ မဖြစ်နိုင်ဘူးလို့ မယူဆပါနဲ့။ ပြည်တွင်းအင်အားနဲ့ ဖြစ်လာအောင် ကြိုးပမ်းလို့ရနိုင်ပါတယ်။ CRPH ရယ်  သံအမတ်ကြီးဦးကျော်မိုးထွန်းရယ်၊ ‌ဒေါက်တာဆာဆာနဲ့ ဦးထင်လင်းအောင်တို့ရဲ့ တရားဝင်မှုကို ထောက်ခံပြီး ဝန်းရံပေးဖို့အ‌ရေးကြီးတယ်။ 

ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အဆင့်က ပြည်သူတွေက တရားဝင်ထောက်ခံထားတဲ့ အစိုးရအဖြစ် ခြေလှမ်းလှမ်းဖို့လိုသလို ပြည်သူတွေကလည်း တခဲနက်ထောက်ခံဖို့လိုပါမယ်။ ပြည်သူတွေကထောက်ခံမှသာ နိုင်ငံတကာအလယ်မှာ ကိုယ်စားပြု တရားဝင်မှုကို ရရှိနိုင်မှာဖြစ်တဲ့အတွက် အားပေးဝန်းရံကြပါ။ လမ်းပေါ်ကအသံတွေ တူညီရပါမယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို အရှိန်မလျော့အောင် အားထုတ်ကြပါ။ ငြိမ်းချမ်းစွာဆန္ဒပြတာဆိုတာ ခေါင်းထိုးပေးပြီး ရိုက်သမျှခံတာမျိုးမဟုတ်ဘဲ ထိခိုက်မှုနည်းနိုင်သမျှအနည်းဆုံးနဲ့ ကာကွယ်ပြီး အောင်မြင်အောင် ကြံဆလုပ်ဆောင်နိုင်ခြင်းမျိုးဆိုတာ သတိပြုစေချင်ပါတယ်။

တဖက်ကလည်း စစ်ကောင်စီရဲ့ တရားမဝင်မှုကို ဖော်ထုတ်ရုံသာမက အုပ်ချုပ်မှုယန္တယားလည်ပတ်မှုပျက်အောင်  သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်တာဖြစ်ပါတယ်။  CDM လှုပ်ရှားမှုအားကောင်းလာစေဖို့နဲ့ ရေရှည်တောင့်ခံနိုင်ဖို့အတွက် မျိုးဆက်အသီးသီးက တာဝန်ကျေဖို့လိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ်အပျက်တွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အကြောင်းကို စနစ်တကျမှတ်တမ်းတင်ပါ။ ဒီအရာတွေဟာ နိုင်ငံတကာ တရားဥပဒေကို ဖော်ဆောင်တဲ့အခါမှာ အရေးကြီးအသုံးဝင်တဲ့ အချက်အလက်သက်သေတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တချက်ကတော့ စစ်တပ်ပိုင်နဲ့ တရုတ်စီးပွားရေးကုန်ပစ္စည်းတွေကို သပိတ်မှောက်ပါ။ ဘယ်လိုနည်းနဲ့မှ သူတို့တွေရဲ့အကျိုးအမြတ်တိုးပွားအောင် မလုပ်ဆောင်ပါနဲ့။

ပြည်တွင်းရဲ့ လုပ်ဆောင်ချက်တွေကသာ နိုင်ငံတကာအရေးယူဆောင်ရွက်မှုကို အားကောင်းစေတာဖြစ်တယ်။ R2P လမ်းကြောင်းကို လျှောက်နိုင်ဖို့ အတားအဆီးတွေကို ဆုတောင်းနေရုံနဲ့  ကျော်နိုင်မှာမဟုတ်ပါဘူး။ မျှော်လင့်တောင့်တနေရုံနဲ့ နိုင်ငံတကာ ကယ်တင်ရှင်ရောက်လာမှာ မဟုတ်ပါဘူး။ အားတွေမလျော့ဘဲ ဆက်လက်ကြိုးပမ်းကြဖို့တော့ လိုပါတယ်။

အရေးတော်ပုံ အောင်ရမည်။

အောင်မျိုးမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013