
အစ္စရေးစစ်တပ်ဟာ ဧပြီ ၄ ရက်အစောပိုင်းမှာပဲ လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာ စစ်သွေးကြွအဖွဲ့ရဲ့ ဘေရွတ်မြို့မှာရှိတဲ့ အခြေခံအဆောက်အအုံတွေကို စတင်တိုက်ခိုက်နေပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ထားပြီး အီရန် ထောက်ခံထားတဲ့ ဟက်ဇ်ဘိုလာ အဖွဲ့ကို တိုက်ဖျက်ဖို့ နယ်စပ်တလျှောက်ရှိ လက်ဘနွန်ကျေးရွာအားလုံးကို မြေလှန် ဖျက်ဆီးပစ်မယ်လို့လည်း ကြုံးဝါးထားပြီး ဒီတိုက်ခိုက်မှုတွေက အမေရိကန်–အစ္စရေးနဲ့ အီရန်အကြား စစ်ပွဲရဲ့ အပြင်းထန်ဆုံး သက်ရောက်မှု ဖြစ်လာခဲ့ပါတယ်။
အစ္စရေးဟာ ဘေရွတ်မြို့ကို အထူးသဖြင့် ဟက်ဇ်ဘိုလာတွေ ထိန်းချုပ်ထားတဲ့ တောင်ဘက် ဆင်ခြေဖုံး ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ခဏခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ဧပြီ ၃ ရက် အစောပိုင်းမှာ အစ္စရေးစစ်တပ်ဟာ မကြာခင် တိုက်ခိုက်မှုတွေ လုပ်တော့မှာဖြစ်လို့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက် ၇ ခုမှာရှိတဲ့ ဒေသခံတွေကို အမြန်ဆုံး ထွက်ခွာကြဖို့ သတိပေးခဲ့ပါတယ်။
ဒီအပတ်ထဲမှာပဲ အီရန်နိုင်ငံရဲ့ တက္ကသိုလ်တွေ တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းမှာရှိတဲ့ အမေရိကန် တက္ကသိုလ်တွေကို ပြန်တိုက်မယ်လို့ အီရန်က သတိပေးထားပါတယ်။
ဒါကြောင့် လုံခြုံရေးအရ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘေရွတ်မြို့က အမေရိကန်တက္ကသိုလ် (AUB)ဟာ မတ် ၃၀ နဲ့ ၃၁ ရက် တနင်္လာနေ့နဲ့ အင်္ဂါနေ့ကတည်းက အွန်လိုင်းသင်ကြားရေးကို ပြောင်းရွှေ့ခဲ့ပါတယ်။
သောကြာနေ့မှာ ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးဟာ "အီရန်နဲ့ သူတို့ရဲ့ မဟာမိတ် အကြမ်းဖက် စစ်သွေးကြွတွေဟာ လက်ဘနွန်မှာရှိတဲ့ တက္ကသိုလ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ် " လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေကို လက်ဘနွန်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ကိုလည်း သံရုံးက ထပ်မံသတိပေးထားပါတယ်။










