
မင်းကင်းမြို့နယ် ကြာပင်ရွာအနီးမှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်းတွင်း (PDF) နဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တို့ ဇူလိုင် ၁၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
PDF အဖွဲ့ဝင်တစ်ဦးက “ကျနော်တို့တပ်နဲ့ ပထွေးအားကိုးပြီး ပြည်သူကို အနိုင်ကျင့်နေတဲ့ ပျူစောထီးတွေနဲ့ ဒီကနေ့တိုက်ပွဲဖြစ်တယ်ဗျ။ တိုက်ပွဲဖြစ်တဲ့ အချိန်ကတော့ မကြာလိုက်ဘူးဗျ၊ ခဏလေးပဲ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ပျူစောထီးတပ်ဖွဲ့က ၄ ယောက် သေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာ ရသွားပြီး PDF တပ်ဘက်က ကျဆုံးဒဏ်ရာရသူမရှိဘူးလို့ဆိုပါတယ်။
မင်းကင်းမြို့နယ်အတွင်း ပျူစောထီးတပ်ဖွဲ့တွေဟာ စစ်ကောင်စီကပေးထားတဲ့ လက်နက်တွေနဲ့ ရွာသူရွာသားအချင်းချင်းအပေါ် အနိုင်ကျင့်ဗိုလ်ကျကာ ဆန်၊ ဆီနဲ့ အဖိုးတန် ရွှေ ငွေတွေ လုယူတာမျိုးတွေ အကြိမ်ကြိမ်ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။