DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ၇ ဦးကို အဂတိမှုဖြင့် စစ်ကောင်စီ အမှုဖွင့်
DVB
·
July 17, 2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ၇ ဦးကို အဂတိမှုဖြင့် စစ်ကောင်စီ အမှုဖွင့်
1 / 2
Donate to DVB

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ၇ ဦးကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့  အမှုဖွင့်လှစ် အရေးယူထားတယ်လို့  စစ်ကောင်စီလက်အောက်ခံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အမှုဖွင့် အရေးယူခံရသူ ၇ ဦးကတော့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နဲ့ ဇနီး ဒေါ်တင်တင်ထွေးတို့ ဖြစ်ကြပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ဝန်ကြီး ၂ ဦးတို့ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အင်းလေးဒေသဇုန်ဝင်ခွင့်ကောက်ခံရေးလုပ်ငန်း တင်ဒါအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦး ထံမှ ရရန်ရှိတဲ့ တင်ဒါကျန်ငွေကျပ် သိန်း ၃၀၀၀ ကျော်ရဲ့  တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့တာ၊  တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဖို့ ပြည်နယ်အစိုးရက တားမြစ်ထားတဲ့ ကုမ္ပဏီတစ်ခုကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့တာတွေကြောင့် နိုင်ငံတော်ငွေကြေးတွေ ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ငွေစာရင်းမှ ငွေကျပ် သိန်း ၄၀၀၀ ကျော်နဲ့ အခြေခံ စားသောက်ကုန်ပစ္စည်းတွေဝယ်ယူရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ၁/၂၀၁၇ တင်ဒါ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း စွပ်စွဲထားပါတယ်။

အလားတူ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ  ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နဲ့ ဇနီး ဒေါ်တင်တင်ထွေး တို့ဟာ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းအတွက် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းတွေကို အာမခံအဖြစ် တင်ပြခြင်းမရှိဘဲ ပိုင်ဆိုင်မှု စာရင်းကိုသာတင်ပြပြီး လုပ်ကိုင်ခွင့်ရယူခဲ့တာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်နဲ့ ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကြွေးကျန် ငွေကျပ် သိန်း ၁၄၀၀၀ ကျော်ကို ယနေ့အထိပေးသွင်းမှုမရှိလို့ နိုင်ငံတော်ကရရှိမယ့် ငွေကြေး ထိခိုက်နစ်နာဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်ဟာ ကုန်တင်ယာဉ်ကြီးများ ရပ်နားဂိတ်နေရာမှာ အဆင့်မြင့်ဆေးရုံ တည်ဆောက်လုပ် ကိုင်မှုနဲ့ ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းကို ကုမ္ပဏီပိုင်မြေပေါ်မှာ တည်ဆောက်ဖို့ အကျိုးတူလုပ်ငန်း လုပ်ကိုင်ဖို့ကိစ္စ ကုမ္ပဏီ (၂) ခုထံမှ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တိုင်ချက်အမှုဖွင့်ထားပါတယ်။

ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နဲ့ ဇနီး ဒေါ်တင်တင်ထွေးတို့ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ  ရှမ်းပြည်နယ် တောင်ကြီးမြို့မရဲစခန်းမှာ ဇူလိုင် ၁၆ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင်ရဲ့ အဂတိအမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေကတော့ ဖမ်းဆီးခံထားရတဲ့အတွက် ပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။  

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် အာဏာကို စစ်ကောင်စီက မတရားသိမ်းပိုက်ရယူထား ပြီးနောက်  သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အန်အယ်လ်ဒီအစိုးရ ဝန်ကြီးတွေကို အဂတိလိုက်စားမှု အပါအဝင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီး ထောင်ချနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013