DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက် အလုပ်လုပ်ရန် အစီအစဉ်မရှိဟု ပရဟိတလူငယ်များပြော
DVB
·
July 15, 2021
စစ်ကောင်စီလက်အောက် အလုပ်လုပ်ရန် အစီအစဉ်မရှိဟု ပရဟိတလူငယ်များပြော
Donate to DVB

လက်ရှိ မြန်မာပြည်မှာကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအရေးအတွက်  အာဏာသိမ်းစစ်ကောင်စီက လုပ်အားပေးလူငယ်တွေကို ခေါ်ယူနေပေမယ့် စစ်ကောင်စီလက်အောက်မှာတွဲပြီး အလုပ်လုပ်ဖို့အစီအစဉ်မရှိဘူးလို့ ကိုဗစ်အရေး စေတနာ့ဝန်ထမ်း လုပ်အားပေးခဲ့တဲ့လူငယ်တွေက ပြောပါတယ်။  

စစ်ကောင်စီက ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာတွေနဲ့ ဆေးရုံတွေမှာ အကူအညီပေးဖို့ လုပ်အားပေးလူငယ်တွေကို စစ်ကောင်စီက  ခေါ်ယူနေတာပါ။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ စေတနာ့ဝန်ထမ်းတွေအဖြစ် တက်တက်ကြွကြွကူညီခဲ့ကြတဲ့ လူငယ်တွေကတော့ စစ်ကောင်စီရဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာမမှန်တဲ့အတွက် သူတို့နဲ့ပူးပေါင်းပြီး အလုပ်မလုပ်ချင်ဘူးလို့ဆိုကြပါတယ်။

စစ်ကောင်စီကဖွင့်ထားတဲ့ ကွာရန်တင်း စင်တာတွေ၊ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ပံ့ပိုးမှုတွေမရှိတာဟာ စေတနာ မမှန်တာကို ဖော်ပြနေတာလို့ လုပ်အားပေးဦးဆောင်လူငယ်တစ်ယောက်ကပြောပါတယ်။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကူညီခဲ့တဲ့လူငယ်တွေဟာ လတ်တလောမှာ ပြင်ပမှာ ကိုယ့်အစုအဖွဲ့အလိုက် လုပ်အားပေးနေကြပြီး စစ်ကောင်စီနဲ့တွဲပြီးတော့ အလုပ်မလုပ်ချင်ဘူးလို့ ကိုဗစ်အရေးကူညီဆောင်ရွက်သူ မမေကျော့ရှင်းက ပြောပါတယ်။

လက်ရှိ မြန်မာပြည်မှာ ကိုဗစ်ကူးစက်ခံလူနာတွေဟာ အောက်စီဂျင်ပြတ်လပ်တာ၊ စနစ်တကျ  ကုသစောင့်ရှောက်မှု မရရှိတာတွေကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးနေကြရပါတယ်။

ကိုဗစ်ရောဂါပိုးရှိမရှိ စနစ်တကျစစ်ဆေးပေးတာမျိုး၊ ဆက်စပ်လူနာတွေကို ထိန်းသိမ်း စောင့်ကြည့်တာမျိုးလည်း စစ်ကောင်စီက မဆောင်ရွက်ခဲ့တဲ့အတွက်လည်း မြန်မာနိုင်ငံအတွင်း ပိုးကူးစက်မှု အခြေအနေဟာ မခန့်မှန်းနိုင်တဲ့ပမာဏဖြစ်နေပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို အကူအညီမပေးတဲ့အပြင် လိုအပ်နေတဲ့အောက်စီဂျင်ကို ကန့်သတ်ချုပ်ကိုင်တာ၊ အကူအညီပေးနေတဲ့ပရဟိတအဖွဲ့တွေကို ဖိအားပေးနေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ လူငယ်နိုင်ငံရေးလှုပ်ရှားသူ ပိုင်ရဲသူက တိုက်တွန်းပါတယ်။

မကြာသေးခင်လပိုင်းတွေတုန်းက စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လူမှုကူညီကယ်ဆယ်ရေး လုပ်နေတဲ့ စေတနာ့ဝန်ထမ်း ပရဟိတ လူငယ်တွေကို အကြမ်းဖက် ဖမ်းဆီး  ရိုက်နှက် ပစ်ခတ် သတ်ဖြတ်တာ၊ တရားစွဲ ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) အပါဝင် နိုင်ငံအနှံ့အပြားရှိ ပရဟိတ အသင်းအဖွဲ့တွေရဲ့ ရုံးတွေကို ဝင်ရောက်စီးနင်းတာ၊ လုယက်ဖျက်ဆီးတာတွေကိုလည်းကျူးလွန်ခဲ့တာဖြစ်ပါတယ်။   

လက်ရှိ ကိုဗစ်အခြေအနေဆိုးရွားလာချိန်မှာတော့  စစ်ကောင်စီက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် အခြေအနေပိုဆိုးလာရပါတယ်ဆိုပြီး အပြစ်ဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကလည်း ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ကန်ထရိုက်စနစ်နဲ့ ပိုက်ဆံပေးပြီး ခေါ်ခိုင်းမယ်လို့လည်း ပြောဆိုထားပါတယ်။  ဒါဟာ ပညာရှင်တွေကို စော်ကားမှုအဖြစ် ဆေးဘက်ဆိုင်ရာ ဆရာဝန်အသိုက်အဝန်းနဲ့ ပညာရှင်တွေက တုံ့ပြန်ပြောဆိုကြပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့  စစ်ကောင်စီဟာ ပြည်သူတွေအသက်ဆုံးရှုံးမှာကို သိလျက်နဲ့ မကူညီတာဟာ ရည်ရွယ်ချက်ရှိရှိ လူ့အသက်ကိုဆုံးရှုံးစေပြီး လူသားမဆန်တဲ့ပြစ်မှုကို ကျူးလွန်တာလို့ ဆိုပါတယ်။ ဒီအကြောင်းအရာအထောက်အထားတွေကို နိုင်ငံတကာတရားရုံးကိုတင်သွင်းတဲ့အခါမှာ ပူးတွဲတင်ပြမယ်လို့ လည်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လုပ်အားပေးလူငယ်တွေကို ပြည်သူတွေအမြင်စောင်းအောင် ဝါဒဖြန့်နေပေမယ့် စစ်ကောင်စီရဲ့လုပ်ရပ်နဲ့သဘောထားကို ပြည်သူတွေနားလည်မယ်ဆိုတာကို ယုံကြည်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ကစပြီး ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေက  သုသာန်တွေမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသူအများအပြားကို မနိုင်မနင်းသင်္ဂြိုဟ်နေရပါတယ်။ 

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက်၊ သေဆုံးသူ ၁၄၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၈,၃၅၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းထက်ပိုပြီး မြေပြင်မှာ အခြေအနေဆိုးနေတယ်လို့လည်း အကူအညီပေးနေတဲ့ပရဟိတအဖွဲ့တွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013