
အာဂျင်တီးနားနိုင်ငံ၊ ဆန်တာဖေးပြည်နယ်က ကျောင်းတကျောင်းမှာ မတ် ၃၀ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတယောက် သေဆုံးပြီး တခြားကျောင်းသား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အသက် ၁၅ နှစ်အရွယ် သေနတ်သမားဟာ ကျောင်းဝင်းထဲကို အီသာကာကုမ္ပဏီထုတ် လက်ကိုင်သေနတ်တလက်နဲ့ ဝင်ရောက်လာခဲ့တယ်လို့ ဆန်တာဖေး ပြည်နယ်အုပ်ချုပ်ရေးမှူး မက်ဆီမီလီယာနိုပူလ်ယာရိုက ပြောပါတယ်။
သူဟာ သူ့အတန်းဖော် ၂ ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး အသက် ၁၃ နှစ်ရှိတဲ့ ကလေးတယောက်ကို သတ်ခဲ့တယ်လို့ ဆန်တာဖေးပြည်နယ်အုပ်ချုပ်ရေးမှူး ပူလ်ယာရိုက သတင်းထောက်တွေကို ပြောပါတယ်။
အခုလက်ရှိမှာ အာဏာပိုင်တွေဟာ ပြစ်မှုကျူးလွန်သူကို အရေးယူဖို့ လုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးရေး အပိုင်းကို အဓိကအာရုံစိုက်နေတယ်လို့လည်း ဆိုပါတယ်။
အခုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုဝင်တွေကိုလည်း လိုအပ်တဲ့ အကူအညီတွေပေးဖို့ စီစဉ်နေတယ်လို့ ပူလ်ယာရိုက ပြောပါတယ်။
ဒါ့အပြင် အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ထိခိုက်နစ်နာခဲ့ရတဲ့ လူမှုဝန်းကျင်ကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ပညာရေးတာဝန်ရှိသူတွေ၊ အစိုးရအရာရှိတွေနဲ့ မကြာခင်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Source: Reuters








