အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ သမက် ဂျာရက် ကုရှ်နာတို့ ကိယက်ဗ်မှာ ဆွေးနွေးခဲ့ပေမဲ့ ရုရှားနဲ့စစ်ပွဲဟာ ဆောင်းရာသီအထိ ဆက်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားပါတယ်။
ဝစ်ကော့ဖ်နဲ့ ကုရှ်နာ တို့ဟာ စက်တင်ဘာ ၅ ရက်က မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သုံးနာရီကျော် ဆွေးနွေးခဲ့ပြီး စက်တင်ဘာ ၆ ရက်မှာ ကိယက်ဗ်ကို သွားခဲ့တာပါ။
ကိယက်ဗ်ဆွေးနွေးပွဲဟာ နာရီအတော်ကြာ ကြာမြင့်ခဲ့ပေမဲ့ စစ်ပွဲရပ်တန့်ရေးအတွက် အဓိကတိုးတက်မှုတခုကိုတော့ မကြေညာနိုင်သေးပါဘူး။
ဝစ်ကော့ဖ်က ဆွေးနွေးပွဲအခြေအနေအပေါ် အားတက်မိတယ်လို့ ပြောကြားခဲ့ပြီး “ဒီကိစ္စမှာ ကောင်းမွန်တဲ့ အဖြေတခု ရလာမယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
ရုရှားက နောက်ထပ်ကျူးကျော်နိုင်မဲ့ အခွင့်အရေး မရှိစေတဲ့ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်း၊ ဥရောပနဲ့ အမေရိကန် တာဝန်ရှိသူတွေ မကြာခင် ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပြီး ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် သုံးပွင့်ဆိုင်တွေ့ဆုံပွဲ ကျင်းပဖို့လည်း ဇလန်းစကီးက တောင်းဆိုထားပါတယ်။
ဒါပေမဲ့ စစ်ပွဲဟာ ဆောင်းရာသီအထိ ဆက်သွားမဲ့ အလားအလာရှိတာကြောင့် လေကြောင်းရန်ကာကွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍ အကူအညီတွေ ပိုလိုအပ်မယ်လို့ ဇလန်းစကီးက သတိပေးပါတယ်။
အရင်နှစ်တွေက ဆောင်းရာသီဆိုရင် ရုရှားက ယူကရိန်းရဲ့ လျှပ်စစ်နဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို အဓိကထား တိုက်ခိုက်ခဲ့ပြီး ယူကရိန်းက အမေရိကန်ထုတ် Patriot ဒုံးခွင်းစနစ်တွေကို အားထားနေရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်နေချိန်မှာပဲ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကတော့ ဆက်ဖြစ်နေပါတယ်။











