
ထိုင်းနိုင်ငံ ဘန်ကောက်၊ လတ်ကဘန်းနယ်မြေထဲမှာ မေ ၆ ရက်က အလုပ်သမားနဲ့ အလုပ် အကိုင်ရှာဖွေရေးစီမံပေးနေတဲ့ မြန်မာပွဲစား အမျိုးသမီးတယောက် ဖမ်းဆီးရမိတဲ့နောက် တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားစီမံရေးလုပ်ငန်းနဲ့ ဥပဒေနဲ့မညီညွတ်တဲ့ အလုပ်သမားတွေကို ရှာဖွေ စစ်ဆေးဖို့ ထိုင်း အလုပ်သမားဝန်ကြီးက ထပ်မံညွှန်ကြားလိုက်ပါတယ်။
စီမံခန့်ခွဲရေးအလုပ်ဟာ နိုင်ငံခြားသားတွေအတွက် တားမြစ်ထားတဲ့အလုပ်ဖြစ်တယ်၊ စည်း ကမ်းချိုး ဖောက်ရင် ဥပဒေအရအရေးယူပြီး ချက်ချင်း ပြည်နှင်ဒဏ်ပေးရမယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီး ကျူလဖန်းအမွန်ဝိဝပ်ကပြောကြောင်း ထိုင်းအလုပ်သမားဦးစီးဌာနက ထုတ်ပြန်တယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ စက်ရုံအလုပ်ရုံနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍမှာ ပါဝင်သူတွေဖြစ်ပေမဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်ကို ဝင်လုတာ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ် နေတာတွေကိုတော့ လျစ်လျူရှုထားလို့မရဘူး၊ ဒါဟာ ချက်ချင်းကိုင် တွယ်ဖြေရှင်းရမဲ့ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်၊ တနိုင်ငံလုံးမှာရှိတဲ့ လုပ်ငန်းခွင်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို နယ်မြေထဲထိ ကွင်းဆင်းစစ်ဆေးဖို့ အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနကိုလည်း ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း တရားဥပဒေအတိုင်း တင်းကျပ်စွာဆောင်ရွက်နေတယ်၊ အထူးသဖြင့် ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ အလုပ်မှာ ဝင်လုပ်နေတဲ့ကိစ္စတွေဖြစ်တယ်၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ဒီ ၂၀၂၆ မေလ ၆ ရက်အထိ ထိုင်းတနိုင်ငံလုံးက အလုပ်ရှင်နဲ့ လုပ်ငန်းခွင်ပေါင်း ၅၂,၉၃၆ နေရာကို စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်မှုတဲ့ ၁,၀၂၅ မှု အရေးယူခဲ့တယ်၊ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၆၅၀, ၂၄၈ ယောက်ကို စစ်ဆေးပြီး အယောက် ၃,၀၀၀ ကို အရေးယူခဲ့တယ်၊ အဲဒီထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့အလုပ်အကိုင်ကို ဝင်လုပ်နေသူပေါင်း ၉၀၅ ယောက်ကို အရေးယူခဲ့တယ်လို့ ဝန်ကြီး ကျူလဖန်းက ပြောပါတယ်။
အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဆုမ်ချိုင်း မော်လကွတ်ဆီဝမ်းကလည်း မေ ၆ ရက်က ဘန်ကောက် လတ်ကဘန်းနယ်မြေမှာ ဖမ်းဆီးရမိတဲ့ မြန်မာပွဲစား အမျိုးသမီးဟာ အခြေခံ အလုပ်သာ လုပ်ခွင့်ရှိတဲ့ အလုပ်သမားကတ်ရှိပေမဲ့ အလုပ်သမားတွေကို ဝန်ဆောင်ပေးတဲ့ ရုံးလုပ်ငန်း၊ စာရေးစာချီလုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့် ဥပဒေနဲ့ မညီညွတ်ဘူး။ ဒါကြောင့် သူ့ကို “လုပ်ခွင့်ရှိတဲ့ အလုပ်အမျိုးအစားကျော်လွန် လုပ်ကိုင်မှု”၊ “ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်မှု” တွေနဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားကတ်မရှိတဲ့ နိုင်ငံခြားသားတွေကို ခန့်ထားတာ ဒါမှမဟုတ် ခွင့်ပြုချက် မရတဲ့ လုပ်ငန်းမှာ ခိုင်းစေက အဆိုပါအလုပ်သမားတယောက်အတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်တယ်။
ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး ချမှတ်ခံရနိုင်တဲ့အပြင် နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ခွင့် ၃ နှစ်အထိ ပိတ်ပင်ခံ ရမယ်လို့ ပြောပါတယ်။
အလုပ်သမားဥပဒေချိုးဖောက်မှုတွေ့ရှိက အလုပ်သမားဝန်ကြီးဌာန ဖုန်းနံပါတ် ၀၂ ၃၅၄ ၁၃၈၆ ဒါမှမဟုတ် ဘန်ကောက်အလုပ်သမားရုံး နယ်မြေ ၁ မှ ၁၀ နဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ တို့ကို တိုင်ကြားနိုင်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။










